Friday, November 13, 2009

လူပေါင်းမှားသော ညောင်စောင့်နတ်

တစ်ခါသော် ရွာကြီးတစ်ရွာ အနီး၌ အရိပ်အာဝါသ အလွန်ကောင်းလှသော ညောင်ပင်ကြီးတစ်ပင် ရှိလေသည်။ ဆယ့်နှစ်လ ရာသီလုံး စိမ်းစိုနေသော ထိုညောင်ပင်ကြီးတွင် အလွန်တန်ခိုးကြီးသော နတ်ကြီးတစ်ပါးလည်း စံမြန်း နေထိုင်လေသည်။ ရွာသားများသည် ညောင်ပင်ကြီးနှင့် နတ်ကြီးအား အလွန် ယုံကြည်၍ ညောင်ပင်အောက်တွင် ဆုတောင်းပွဲများ၊ ပူဇော်ပွဲများ နေစဉ် ပြုလုပ်ကြလေသည်။ ဆန်ရေစပါး ပေါများစေကြောင်း၊ မိုးကောင်းစေကြောင်း၊ စီးပွားလာဘ်လာဘ တိုးပွားစေကြောင်း ဆုတောင်းကြသည်။ တောင်းသည့် ဆုတိုင်းလည်း ပြည့်ဝရရှိ ကြသောကြောင့် ရွာသားများမှာ အလွန်ပျော်ရွှင်ကြလေသည်။ ထို့ကြောင့် ညောင်ပင်စောင့် နတ်ကြီးအား တန်ခိုးရှင်ကြီးအဖြစ် ပို၍ယုံကြည် ကိုးကွယ်လာကြ လေတော့သည်။

ညောင်ပင်စောင့် နတ်ကြီးသည် နေ့စဉ်နှင့်အမျှ ရောက်လာကြသော ရွာသားများ၏ ဆုတောင်းသံများကို နားထောင်ပေးရသည်။ တောင်းသမျှ ဆုများကိုလည်း ပြည့်ဝအောင် ဖန်တီးကူညီပေးရသည်။ လူပေါင်းများစွာ လာကြသောကြောင့် နတ်ကြီးမှာ တစ်ရက် တစ်ရက် နားရသည် မရှိပဲ နေ့စဉ် အလုပ်ရှုပ်နေရသည်။ အချိန်ရတုန်း ခဏလောက် အိပ်မည်ဆိုလျှင် ဆုတောင်းသံက ပေါ်လာ၍ ထရပြန်သည်။ အာရုဏ်ဦးလည်း ဆုတောင်းသူရှိသည်။ ညကြီး အချိန်မတော်တွင်လည်း ဆုတောင်းသူ လာတတ်သည်။ နတ်ဖြစ်သော်လည်း နတ်စည်းစိမ် အပြည့်အဝ မရရှိရှာသော “နတ်ဖြစ်ရခြင်းဒုက္ခ” အား နတ်ကြီးမှာ အတော်ပင် စိတ်ပျက်နေမိတော့သည် ဆို၏။

တစ်ရက်သော် နတ်ကြီး၏ ညောင်ပင်အောက်သို့ ဘိန်းစားတစ်ယောက် ရောက်လာလေသည်။ ထို ဘိန်းစားသည် အရိပ်ကောင်း၍ အေးချမ်းလှသောကြောင့် ညောင်ပင်ကြီးအား အတော် သဘောတွေ့သွားဟန်တူသည်။ ညောင်ပင်အောက်တွင် နေ့စဉ်လာ၍ အေးအေးလူးလူး ဘိန်းမှိန်း မှိန်းလေတော့သည်။ ညောင်ပင်ကြီးအား မှီ၍ မှိန်းလိုက်၊ ညောင်မြစ်ကြားတွင် ခွေ၍အိပ်လိုက်၊ အချိန်အတော်ကြာ အိပ်ပြီးလျှင် ထထွက်သွားလိုက်၊ ခဏကြာလျှင် ပြန်လာ၍ အိပ်လိုက်နှင့် အတော် အထာကျနေသည်။ ဘိန်းစားသည် ဆုတောင်းခြင်းလည်း မရှိ၊ အပူအပင်လည်း မရှိ၊ ပကတိ ငြိမ်းချမ်းနေသောကြောင့် နတ်ကြီးသည် ဘိန်းစားအား ကြည့်ရင်း ကြည့်ရင်း အတော်စိတ်ဝင်စားလာသည်။ “ငါလို တန်ခိုးရှိ နတ်ဖြစ်နေရတာတောင် သူလောက် မငြိမ်းချမ်းပါလား” ဟုလည်း တွေးမိလာသည်။

တစ်နေ့တွင် နတ်ကြီးသည် ညောင်ကိုင်းဖျားမှ ဆင်း၍ ညောင်မြစ်ကြား မှိန်းနေသော ဘိန်းစား ပုခုံးအား ပုတ်၍ မေးလိုက်သည်။
“ဟေ့.. မောင်ရင်.. မင်း ငါ့.. ညောင်ပင်မှာ ဆုမတောင်းပဲ.. ဘာလို့ လာလာ အိပ်နေတာလဲကွ”
ပုခုံး အပုတ်ခံလိုက်ရသဖြင့် ဘိန်းစား ရုတ်တရက် လန့်သွားသည်။
ထို့နောက် ရွှေရောင် တဝင်းဝင်း တောက်နေသော နတ်ကြီးအား မူးကြောင်ကြောင်ဖြင့် မော့ကြည့်၍..
“ခင်ဗျား ဘယ်သူလဲဗျာ.. ဒီမှာ ယူနေတာတွေ ခင်ဗျားလုပ်လို့ ပျောက်ကုန်ပြီ”

နတ်ကြီး အတော် အံ့သြသွားသည်။
“ဟေ.. မင်းဘာတွေ ယူနေတာလဲ.. အာနာပါန သတိပဌာန် ရှုမှတ်နေတာလား”
ဘိန်းစား အတော် စိတ်ညစ်သွားသည် ထင်၏။ ခေါင်းတစ်ချက် ကုတ်၍..
“တော်ပါဗျာ.. ဒီမှာ ကောင်းနေတာတွေ ပျောက်ကုန်ပြီ.. ဖီးပျက်တယ်..”
နတ်ကြီး မျက်လုံးဝိုင်းသွားသည်။
“ကောင်းနေတယ်.. ဟုတ်လား.. ဘာတွေ ကောင်းနေတာလဲကွာ.. မင်းကို ကြည့်ရတာ ငြိမ်းချမ်းလိုက်တာ.. ငါ့ကို ပြောပြပါလားကွာ.. ငါက ဒီညောင်ပင်ကို စောင့်တဲ့ နတ်ကြီးပါ..”

ဘိန်းစား မျက်လုံးတစ်ချက် မှေးစင်း၍ စဉ်းစားလိုက်သည်။
(အင်း.. ညောင်ပင်စောင့်နတ် ဆိုပါလား တန်းခိုးတော့ ရှိမှာပဲ.. ဂွင်တော့ တွေ့ပြီ..)
“ကျုပ် ဒီလို ငြိမ်းချမ်းနေတာ နတ်စည်းစိမ်ထက် ကောင်းတဲ့ စည်းစိမ်ချမ်းသာ ရနေလို့ပဲ..”
နတ်ကြီး အတော် အံ့သြသွားသည်။
“အလိုလေ.. နတ်စည်းစိမ်ထက် ကောင်းတယ် ဟုတ်လား.. ငါ့ကို ပြောပြပါလားကွာ.. ငါ့မှာ တစ်နေ့တစ်နေ့ လူတွေ လုပ်လို့ နားရတယ်ကို မရှိဘူး..”
ဘိန်းစားက နှာခေါင်းဖျားကို လက်ဖြင့်ပွတ်၍..
“ဒီလို ငြိမ်းချမ်းအောင် ဆေးသောက်ရတယ်ဗျ.. ဆေးသောက်ရင် နတ်စည်းစိမ်ထက် ပိုကောင်းတဲ့ စည်းစိမ်ရပြီ..”
နတ်ကြီး စိတ်ဝင်တစား အားတက်သရောဖြင့်..
“ငါ့ကိုပေး.. အဲ့ဒီဆေး ငါအခုပဲ သောက်မယ်..”

ဘိန်းစားက လက်ညိုးနှင့် လက်မကို ဝိုင်၍ပြကာ
“ဆေးဝယ်ဖို့ ပိုက်ဆံလိုတယ်ဗျ ပိုက်ဆံရှိမှ ဆေးရမှာ..”
နတ်ကြီးက ခပ်မြန်မြန်ပင် ညောင်ရွက် တစ်ရွက်ကို ဆွဲဖြုတ်၍ လက်ဝါးနှင့် ရိုက်လိုက်ရာ ပိုက်ဆံ ဖြစ်သွားတော့သည်။
“ရော့.. ပိုက်ဆံ..”
ဘိန်းစား ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ ပြီးလျှင် ညောင်ပင်ကြီးကို အံ့သြတကြီး မော့ကြည့်၍..
“ဟား.. ထူးဆန်းလိုက်တာ ညောင်ရွက်ကနေ ပိုက်ဆံဖြစ်တယ်..”

“အေ.. ဟုတ်တယ်.. ငါလုပ်ချင်ရင် ဒီညောင်ပင်ကြီးက ရွှေဆိုလည်း ဖြစ်တယ်၊ ငွေဆိုလည်း ဖြစ်တယ်..”
ဘိန်းစား ဝမ်းသာအားရ တက်ကြွစွာ ထရပ်လိုက်သည်။
“ဒီ တစ်ရွက်နဲ့ ဆေးဝယ်ဖို့ မလောက်ဘူးဗျ.. နောက် လေးငါးရွက်လောက် ထပ်ပေး..”
နတ်ကြီးကလည်း ချက်ချင်းပင် ညောင်ရွက် လေးငါးရွက် ခူး၍ လက်ဝါးဖြင့် ရိုက်လိုက်ပြန်ရာ ပိုက်ဆံများ ထပ်ရလာပြန်လေသည်။

ဘိန်းစားလည်း ပိုက်ဆံများ ယူ၍ သုတ်ခြေတင် ပြေးတော့သည်။ သိပ်မကြာခင်မှာပင် အပြေးအလွှား ပြန်ရောက်လာသည်။ ထို့နောက် ဘိန်းစားသည် ဆေးလိပ်ဗူးခွံ ငွေရောင်စက္ကူပေါ်တွင် ဘိန်းဖြူမှုန့်များ တင်၍ မီးမြိုက်ကာ အငွေ့တလူလူအား သူလည်းရှိုက်၊ နတ်ကြီးကိုလည်း ရှူရှိုက်ခိုင်းလေတော့သည်။ နတ်ကြီးသည်လည်း နတ်စည်းစိမ်ထက် ကောင်းသော ငြိမ်းချမ်းသော စည်းစိမ်ကို ရတော့မည်ဆို၍ ဝမ်းသာအားရ “တဟွတ်ဟွတ်” နှင့် ရှိုက်လေတော့သည်။ ခဏအကြာတွင်တော့ နတ်နှင့် ဘိန်းစား နှစ်ယောက်သား မျက်လုံးများ မှေးစင်း၍ ငြိမ်သက်သွားကြ လေတော့သည်။

ဤသို့ဖြင့် နတ်ကြီးသည် လူအများ လာရောက် ဆုတောင်းသံကိုလည်း နားမထောင်တော့ပဲ အချိန်ရှိတိုင်း ဘိန်းစားနှင့်သာ နှစ်ပါးသွားကာ ရှူရှိုက်နေလေတော့သည်။ နတ်ကြီးမှာ ငြိမ်းချမ်းခြင်း ဆေးဝါးကို အတော်ကြီးပင် စွဲလန်းကာ အမှန်ပင် ငြိမ်းချမ်းနေပြီဟု အထင်ရောက် နေလေသည်။ ဆေးစားလိုက်၊ ညောင်ကိုင်းဖျားတွင် မှိန်းလိုက်နှင့် အတော်ဟုတ်နေသည်။ သည်လိုနှင့် နေ့ပေါင်းများစွာ ကြာလာတော့ ညောင်ရွက်များလည်း ကုန်သလောက် ဖြစ်လာသည်။ ဆုတောင်းလည်း မပြည့်တော့၊ ညောင်ရွက်များလည်း မဝေတော့ သောကြောင့် ညောင်ပင်ကြီးသို့လည်း ဘယ်ရွာသားမှ မလာတော့ပေ။

“နတ်ကြီး.. ပိုက်ဆံလုပ်ဖို့ ညောင်ရွက်တွေလည်း ကုန်ပြီဗျ.. ဘယ်လို လုပ်ကြမလဲ..”
ဘိန်းစား၏ အပြောကို နတ်ကြီးက မျက်လုံးတစ်ဘက် မှေးစင်းဖွင့်ကြည့်ကာ မကြားဟန်ဖြင့် ပြန်မှိန်းနေပြန်သည်။
“ဟေ့.. နတ်ကြီး ကျုပ်.. ပြောနေတယ်လေဗျာ.. ပိုက်ဆံမရှိရင် ခင်ဗျား ဆေးသောက်လို့ မရတော့ဘူး..”
နတ်ကြီးက စိတ်မရှည်ဟန် ပျင်းတိပျင်းရွှဲ ဘိန်းမှိန်းသံ ခပ်တိုးတိုးဖြင့်..
“ေ ဟ႔ ေ က ာ င ္.. အ သ ာ ေ န စ မ ္ း ပ ါ က ြ ာ.. ဒ ီမ ွ ာ ေ က ာ င ္ း ေ န တ ာ ေ တ ြ ေ ပ ် ာ က် ကု န်ေ တာ့ မ ယ် . .”

ဘိန်းစား ခေါင်း “တဗြင်းဗြင်း” ကုတ်လိုက်သည်။
“ဒါဆို ခင်ဗျား နေခဲ့တော့ဗျာ.. ခင်ဗျားကို ဆေးလည်း မဝယ်ပေးတော့ဘူး.. ဆေးလည်း မတိုက်တော့ဘူး..”
နတ်ကြီး တလှုပ်လှုပ်နှင့် ထလာသည်။
“ေ ဟ ႔ေ က ာ င် မ လုပ်နဲ့ေ လ ကွာ .. မ င်း ဝ ယ်ေ ပး မှ ရ မှာ ေ ပ ါ ႔က ြ .. င ါ မ ွ ေ ဆ း ဆ ို င် မ သိ တာ ..”
နတ်ကြီး၏ လေးလေးပင်ပင်ကြီး ပြောလိုက်သော စကားအား ဘိန်းစား ခေါင်း တစ်ချက် ခါလိုက်သည်။
“ဝယ်ပေးတာတော့ ဟုတ်ပါပြီး ခင်ဗျားမှာ ညောင်ရွက်လည်း မရှိတော့ဘူး.. ပိုက်ဆံ ဘယ်က ရတော့မလဲ..”

“မင်းက နတ်ကို တော်တော် အထင်သေးတာပဲကွ.. ရော့ကွာ..”

နတ်ကြီးက အရွက်မရှိတော့သော ညောင်ကိုင်း တစ်ချောင်းကို လက်ဖြင့်ချိုးကာ လက်ဝါးနှင့် “ဖြန်း” ကနဲ ရိုက်ချလိုက်ရာ..
“ဟာ..!!! ရွှေချောင်းကြီးးး..”
ဘိန်စား အံ့သြဝမ်းသာ ထအော်သည်။
“အေ.. မြန်မြန်ယူသွား.. များများဝယ်ပြီးသာ မြန်မြန်ပြန်လာတော့..”
နတ်ကြီးလည်း ညောင်ကိုင်းအား ရွှေအဖြစ်သို့ ဖန်ဆင်းပြီး ပြန်၍ မှိန်းနေလေတော့သည်။
ဘိန်းစားလည်း ရွှေချောင်းကြီးမ၍ သုတ်ခြေတင် ပြေးတော့သည်။

ဤသို့ဖြင့် ဘိန်းစားနှင့်နတ်ကြီး တဝကြီးရှူ၍ တစ်နေကုန် ယူကြလေသည်။ တစ်ရက်ပြီး တစ်ရက် အချိန်များ ကုန်ပြန်လေသော် ညောင်ပင်ကြီး.. ညောင်ကိုင်းပင် မရှိတော့သည့် အဖြစ်သို့ ရောက်လေတော့သည်။ နတ်ကြီးလည်း မထချင်လောက်အောင် အမှိန်းကြမ်းရင်း ငြိမ်းချမ်းနေတော့သည်။ ဘိန်းစားလည်း အရွက်၊ အကိုင်း မရှိတော့သော ပင်စည်ကြီးအား မော့ကြည့်၍ ရှေ့ရေး တွေးရင်း ရင်လေးနေပြန်သည်။

“နတ်ကြီး.. ခင်ဗျား ညောင်ပင်ကြီးက ပင်စည်ပဲ ကျန်တော့တယ်ဗျ.. လုပ်ဦး.. ဒီမှာ ပစ္စည်းက ပြတ်တော့မယ်..”
ဘိန်းစား၏ အပြောအား နတ်ကြီးက အရေးမထားသလိုဖြင့်..
“မင်းကလည်းကွာ ပင်စည်ကြီး ကျန်သေးတာပဲ.. သွားခုတ်လိုက် ငါအခု ရွှေလုပ်ပေးမယ်..”
ဘိန်းစားလည်း ပင်စည်ကြီးကို အပိုင်းပိုင်းခုတ်ထစ်၍ ယူလာလေသည်။ နတ်ကြီးလည်း ထုံးစံအတိုင်း ဥုံဖွ လုပ်လိုက်လေရာ ရွှေဖြစ်ပြန်သည်။

ဤသို့ဖြင့် ညောင်တစ်ပင်လုံး ကုန်သည်အထိ နှစ်ယောက်သား ငြိမ်းချမ်းလိုက်ကြသည်မှာ နောက်ဆုံး ညောင်ငုတ်တိုလေးသာ ကျန်တော့သည်။ နတ်ကြီးလည်း အတော် ပိန်ချုံး၍ နတ်ရုပ်ပင် မပေါက်တော့ပေ။ ညောင်ပင်ကြီး အရွက်ကြွေ၊ အကိုင်းခြောက်နှင့် တဖြည်းဖြည်း ပျောက်ခြင်းမလှ ပျောက်သွားသောကြောင့် ထိုနေရာတွင် ကွင်းပြင်ကြီးလို ဖြစ်သွားတော့သည်။ “ညောင်ပင်ကြီး သေသွားပြီ” ဟူ၍လည်း ရွာတွင် ပြောစမှတ် ဖြစ်ကျန်တော့သည်။

တစ်ရက်တွင်တော့ ဘိန်းစားနှင့် နတ်ကြီးတို့သည် ဘိန်းလည်းဆာ၊ ညောင်လည်းကုန်၊ ငွေလည်းမရှိ၊ ရွှေလည်းမဖြစ်၊ နေပူပူ ညောင်ငုတ်တိုဘေး မှိုင်တွေးရင်း ထိုင်ငေးနေကြလေသည်။ ထိုအချိန်တွင်ပဲ ခပ်လှမ်းလှမ်းမှ လာနေကြသော ကုန်သည်ခရီးသွား အဖွဲ့တစ်ဖွဲ့ကို လှမ်းတွေ့လိုက်ရလေသည်။ လှည်းပေါင်းများစွာနှင့် ကုန်စည်များ တင်ဆောင်ထားသော ခရီးသွားအဖွဲ့၏ ရှေ့ဆုံးတွင် မြင်းဖြူလှလှကြီး စီးလာသူမှာ ခေါင်းဆောင် သူဌေးကြီး ဖြစ်ဟန်တူသည်။

ဘိန်းစား ခေါင်းထောင်လာကာ မျက်လုံး “ဝင်း” ကနဲ လက်သွားသည်။
ထို့နောက် “ဖြောက်” ကနဲ လက်ဖျောက် တချက်လည်း တီး၍..
“နတ်ကြီး.. ကျုပ်တို့ ပိုက်ဆံရဖို့ နည်းတစ်နည်းတော့ တွေ့ပြီ..”
နတ်ကြီးလည်း ဝမ်းသာအားရ ခုန်ထလိုက်သည်။
“ပြော.. ပြောစမ်း.. ဘယ်လို လုပ်ကြမလဲ..”
ဘိန်းစားက နတ်ကြီးကို အသေအချာကြည့်ရင်း..
“နတ်ကြီး.. ခင်ဗျား အခုချက်ချင်း မြင်းမလှလှလေးတစ်ကောင် ဖြစ်အောင် ခင်ဗျားကိုယ်ခင်ဗျား.. တန်ခိုးနဲ့ ပုံပြောင်းလိုက်ဗျာ”

“ဟေ.. ဘယ်လို..”
နတ်ကြီး အလွန်အံ့သြသွားသည်။
“ဘယ်လိုတွေဘာတွေ မေးမနေနဲ့ အချိန်မရှိဘူး.. ပိုက်ဆံရရင် ကျုပ်တို့ လိုတဲ့ဆေး အမြန်ပြေးဝယ်ရမယ်.. ကျုပ်ပြောသလိုသာ လုပ်ပေတော့..”
နတ်ကြီးလည်း ဘိန်းစားကို အတော် ယုံကြည်နေသည်။ “ဘိန်းစား ဘိန်းသာစားတာ ဉာဏ်ကတော့ အလွန်ကောင်းလှသည်” ဟု စိတ်တွင်းမှလည်း ကြိတ်၍ ချီးကြူးနေသည်။

နတ်ကြီးလည်း ဆေးရဖို့ အရေးဆိုတော့ စဉ်းစားတွေဝေ မနေတော့ပဲ “ဝုန်းးး” ဆိုပြီး သူ့ကိုယ်သူ မြင်းမလေး ဖြစ်အောင် ပုံပြောင်းလိုက်တော့သည်။ ဘိန်းစားလည်း သူ့ရှေ့တွင် “ဘွား..” ကနဲ ရောက်လာသော မြင်မလေးကို ဆွဲပြီး ညောင်ငုတ်တိုတွင် ကြိုးဖြင့် ချည်၍ ဟန်မပျက် ဆက်အိပ်နေလိုက်သည်။

ခဏအကြာတွင် ကုန်သည်ခရီးသွားအဖွဲ့သည် ဘိန်းစားနှင့် မြင်းမလေး ရှိနေသော ညောင်ငုတ်တိုရှေ့သို့ ရောက်လာကြလေသည်။ ဤတွင်ပဲ သူဌေးကြီး စီးလာသော မြင်းဖြူကြီးမှာ ဆက်မသွားတော့ပဲ ညောင်ငုတ်တို ရှေ့တွင်ရပ်၍ ဆန္ဒပြနေတော့သည်။ သူဌေးကြီး ဘယ်လို မောင်းမောင်း ဆက်မသွားတော့ပဲ ပေတေပြီး ရပ်နေလေသည်။ နောက်လိုက် ကုန်စည်လှည်းတို့ အကုန် ကျော်သွားသည် အထိကို မြင်းဖြူကြီးက မလှုပ်ပဲ ရပ်နေသည်။ သူဌေးကြီး အောက်ဆင်း၍ မြင်းကို အတင်းဆွဲရာတွင်လည်း မြင်းကြီးမှာ မလှုပ်ပေ။ သူဌေးကြီးမှာ ရိုက်လည်း မသွား.. ဆွဲလည်း မလိုက်တော့သော မြင်းကြီးကြောင့် အတော် စိတ်ပျက်သွားသည်။

ဤတွင် မှိန်းနေသော ဘိန်းစား အိပ်နေရာမှ ထကာ သူဌေးကြီးနား ကပ်၍ ပြောလိုက်သည်။
“သူဌေးကြီး.. ခင်ဗျား မြင်း ဘာလို့ ရှေ့မသွားလဲ ဆိုတာ ကျုပ်သိတယ်..”
သူဌေးကြီး အလွန် အံသြစွာဖြင့်..
“မောင်ရင် လုပ်ပါဦး.. သိရင် ပြောပြပါဗျာ.. ကျုပ်မြင်းလိမ္မာ ဘာလို့ ခေါ်မရ ဖြစ်နေလဲ မသိတော့ဘူး.. ကျုပ်ကို ကူညီပါဗျာ..”
ဘိန်းစားလည်း မေးစေ့ကို လက်ဖြင့် ပွတ်ရင်း..
“ဟိုမှာ ကြည့်လိုက် ခင်ဗျား မြင်းကို သေချာ ကြည့်လိုက်..”
သူဌေးကြီးလည်း သူ့မြင်းကို ကြည့်လိုက်ရာ.. မြင်းဖြူကြီးမှာ ညောင်ငုတ်တိုဘေး မြင်းမလေးအား ချစ်ရည်ရွှန်းသော မျက်ဝန်းများဖြင့် မြတ်မြတ်နိုးနိုး၊ ရွှန်းရွှန်းစားစားကြီး ကြည့်နေလေသည်။

“တွေ့လား.. ခင်ဗျား မြင်းကြီးက ကျုပ်မြင်းမလေးကို ကြိုက်နေပြီ.. ဒီမြင်းမလေးကိုမှ မရရင် ခင်ဗျားမြင်းကြီး ဘယ်လို ခေါ်ခေါ် လိုက်တော့မှာ မဟုတ်ဘူး..”
သူဌေးကြီးလည်း သူ့မြင်းကို ကြည့်၍ သဘောပေါက်သွားသည်။
“ဒါဆို မောင်ရင်ရယ် ကျုပ် ဘယ်လို လုပ်ရမလဲ.. ကူညီပါဗျာ..”
ဘိန်းစားမှာ သူ ဆင်ထားသော အကွက်ထဲသို့ ကွက်တိ ဝင်လာသဖြင့် အသာပြုံးကာ..
“ကျုပ် မြင်းမလေးကို ဝယ်ပြီး တခါတည်းသာ ခေါ်သွားပေတော့..”
ဤတွင် မြင်းမလေးအဖြစ် အသွင်ပြောင်းထားသော နတ်ကြီးမှာ နားရွက်ထောင်၍ မျက်လုံး ပြူးသွားသည်။ “ဒီကောင် အကြံပက်စက် ငါ့ကိုပါ ရောင်းစားတော့မှာပါလား” ဟု တွေးရင်း ကြောက်လန့်သွားလေသည်။ အကင်းပါးသော ဘိန်းစားမှာ နတ်ကြီး စိုးရိမ်သွားကြောင်း ချက်ချင်း သိလိုက်သဖြင့် မြင်းမလေးအား “မစိုးရိမ်စမ်းပါနဲ့” ဟူသော ဟန်ဖြင့် မျက်စိတစ်ဘက် မှိတ်ပြလိုက်သည်။

“ဒါဖြင့် ကျုပ် ဘယ်လောက် ပေးရမလဲ..”
သူဌေးကြီးလည်း သမီးတောင်းပေးတော့မည့် သားရှင်ဖခင်ကြီးလို ချက်ချင်းပင် ဈေးမေးလိုက်သည်။
ဘိန်းစားက နှာခေါင်းကို အသာကုတ်ရင်း “ဘယ်လောက်တောင်းလျှင် ကောင်းမလဲ” ဟု စဉ်းစားနေသည်။ မြင်းမလေးကလည်း “ဘိန်းစား ဘယ်လောက်များ ဈေးဖြတ်မလဲ.. ငါ့ကို ပတ်တီးရိုက်ပြီး ဒီကောင် တစ်မူးပိုရှူဖို့ ဈေးတင်ရိုက်ရင် ခက်မယ်” ဟု တွေးရင် သူတို့ ပြောသည်ကိုသာ စိတ်ဝင်တစား နားစိုက်ထောင်ရင်း ရှေ့သို့သာ အာရုံများနေသည်။

ဤတွင် မြင်းမလေးကို မြင်မြင်ချင်း အချစ်ကြီး ချစ်သွားသော မြင်းဖြူကြီးမှာ ဘယ်အချိန်ဘယ်လို မြင်းမလေး အနောက် ရောက်သွားသည်မသိ။ တားမရစီးမရ အတင်းမဟားဒယား ဟိုဒင်းဟိုဟာ ပြုလုပ်ရန် ကြံစည် ကြိုးစားတော့သည်။ မြင်းမလေးခမျာလည်း အရှေ့သတိထားနေချိန် အနောက် လစ်ဟင်းသလို ဖြစ်သွားသဖြင့် ရုတ်တရက် လန့်ကာ၊ ဖြန့်ကာ.. ကြောက်လန့်တကြား ခြေကားယား၊ လက်ကားယားဖြင့် “အောင်မေလေးးးတော့” ဟု အော်ဟစ်ကာ ညောင်ငုတ်တိုအား ပတ်ပြေးလေတော့သည်။

မြင်းဖြူကြီးမှာ နှာသံ “တဟဲဟဲ” မှုတ်ရင်း မြင်းမလေး နောက်သို့ မဟားဒယား သွားရည်တများများဖြင့် အားရပါးရကြီးကို လိုက်လေတော့သည်။ မြင်းမလေး ခမျာ.. ရှက်လည်းရှက် ကြောက်လည်း ကြောက်ဖြင့် အသားကုန်ကို ကိုယ်လွတ်ရုန်း ပြေးနေရသည်။ တစ်ချက် တစ်ချက် မြင်းမလေး ကျောပေါ် ကျကျလာသော မြင်းကြီး၏ ခွာလက်အေးအေးကြီးက အလွန်ပင် အတင့်ရဲလွန်းနေသည်။ မြင်းမလေးမှာ အကြံကောင်း ထုတ်သော ဘိန်းစားစုတ်ကို အန္တရာယ်နှင့် လက်တစ်လုံးခြား အခြေအနေမှပင် ဒေါသတကြီး ကျိန်ဆဲနေသေးသည်။ “သည်လိုမှန်း သိရင် သည်ဘိန်းစားကို မြင်းမအဖြစ် ဖန်ဆင်း လိုက်ပါတယ်” လို့ တွေးရင်း တွေးရင်း အနောက်က ချိန်နေသည်ကြီးကို လွတ်အောင် အားကုန် သွန်လေတော့သည်။

အခြေအနေ ရုတ်တရက် ပြောင်းသွားသောကြောင့် သူဌေးကြီးလည်း လန့်ဖြန့်သွားသည်။ ဘိန်းစားလည်း ပါးစပ် အဟောင်းသားနှင့် မျက်လုံးကြီး ပြူးသွားသည်။ မြင်းနှစ်ကောင်၏ ဝိုင်းကြီး ပတ်ပတ် ပြေးသူပြေး၍ လိုက်သူ လိုက်နေသည်မှာ အသည်းတယားယား ရှိလှသည်။ မြင်းမလေးအား မြင်းဖြူကြီး မိသွားပါက ပွဲကြီးပွဲကောင်း ဖြစ်ပေတော့မည်။ မြင်းမလေးသည်လည်း ရေတိမ်နစ်မည့်အရေး တွေးမိသဖြင့်ထင်သည် အမြီးကုတ်၍ မလုံ.. လုံအောင် ဖုံးရင်း.. မလွတ်.. လွတ်အောင် ပြေးနေသည်မှာ သည်းထိတ်ရင်ဖို သနားစရာ ကောင်းလှသည်။

ဤသို့ဖြင့် ဘိန်းစွဲနေသော မြင်းမလေးမှာ သက်လုံမကောင်း အမောဖောက်လာ၍ ပြေးအားကျလာတော့သည်။ မြင်းဖြူကြီးမှာလည်း အားကြိုးမာန်တက် ကြိုးစားလေရာ မိလုမိခင်း၊ အောင်မြင်ခါနီး တစ်လက်မလောက် အလိုမှာပင် “ဝုန်းးးး” ဆိုပြီး မြင်းမလေး မြင်ကွင်းမှ ပျောက်သွားတော့သည်။ ပြေးလိုက်နေသော မြင်းဖြူကြီးမှာ မြင်းမလေး ရုတ်တရက် ပျောက်သွားသောကြောင့် ကြောင်စီစီဖြစ်သွားသည်။ အသားများ “တဆတ်ဆတ်” တုန်ရင်း အရှိန်မသေပဲ ဟတ်ကော့ကြီး ဖြစ်နေတော့သည်။ ထို့နောက် တောင်ကြည့် မြောက်ကြည့်နှင့် သရဲခြောက်သည် အမှတ်နှင့် ခြေဦးတည်ရာသို့ ကဆုန်ပေါက်၍ ကြောက်အားလန့်အား ပြေးထွက်သွားလေတော့သည်။ သူဌေးကြီးလည်း သရဲခြောက်ခံရသည်သာ ထင်၍ သူ့မြင်းဖြူကြီး ပြေးရာနောက်သို့ အော်ရင်း ဟစ်ရင်း ပြေးလိုက်သွား လေတော့သည်။

ဘိန်းစားသည်လည်း တစ်ယောက်တည်းသာ ကျန်၍ ညောင်ငုတ်တိုပေါ် ရပ်ရင်း ထိုင်ရမလို ထရမလို ဖြစ်နေသည်။ ထိုအချိန်တွင်ပင် ဘိန်းစားသည် သူ့လည်ပင်းအား တစ်စုံတစ်ယောက်မှ ဖိညှစ်လိုက်သလို ခံစားလိုက်ရသည်။ အသက်ရှူရပ်မတတ် အစ်သွားသော လည်ပင်းကို လက်တစ်ဘက်နှင့် ဖိရင်း...
“အ.. နတ်.. နတ်.. နတ်ကြီး... ကျုပ်.. ကျုပ်.. အ.. အ...”
ဘိန်းစား အထစ်ထစ် အငေါ့ငေါ့နှင့် အလွန် ကြောက်လန့်နေလေပြီ။

လေထဲတွင် ရုပ်လုံး မမြင်ရသော နတ်ကြီး၏ အသံနက်ကြီး ရုတ်တရက် ထွက်လာသည်။
“မအေဘေးးး ဘိန်းစား လာစမ်းး..!!! မင်းလုပ်လို့ ငါ ဘိန်းလည်း စွဲရတယ်.. ငါ့ ညောင်ပင်လည်း မျိုးတုံးရတယ်.. ကံကောင်းလို့ မြင်းလက်ချက်မိပြီး နတ်ဘ၀ ရေတိမ်ပါ နစ်တော့မလို့.. မင်းကို ငါမကျေဘူးးးး.. မင်းကို ငါ သတ်မယ်..သတ်မယ်..”

နတ်ကြီး၏ အသံလည်းအဆုံး “ဘုတ်..” ဆိုသော သံကြီးနှင့် အတူ မြေပေါ် ပြုတ်ကျသွားသံ ကြားရလိုက်သည်။ ဘိန်းစားလည်း တောင်တောင်၊ မြောက်မြောက် ရှာဖွေကြည့်လေသည်။ အကောင် မမြင်ရသော်လည်း အသံဟာဖြင့် ခြေပစ်လက်ပစ် ကျသံမျိုးပင်။ မဟုတ်မှလွဲရော နတ်ကြီးခမျာ ဒေါသတကြီး၊ ဝမ်းနည်းပက်လက်၊ ကြောက်လန့်တကြား၊ ရင်တုန်ပန်းတုန်နှင့် ဟဒ်အတက် (Heart attack) ရသွားပြီ ထင်သည်။

ဘိန်းစားလည်း “နတ်များ ဒေါသကြီးလျှင် ကိုင်တတ်သည်” ဆိုသော ကြားဖူးနားဝ စကားကြောင့်..
(((နတ်ကြီးရေ.. ကြောက်ပါပြီဗျ..))) ဟု ငိုယိုအော်ဟစ်ကာ သွေးရူးသွေးတန်း ပုဆိုးကွင်းသိုင်း ပြေးလေတော့သတည်း..။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
(ကိုရင်နော်)

မှတ်ချက်။ ။
ဤပုံပြင်အား ကြည့်ခြင်းဖြင့် အပေါင်းအသင်း မှားပါက ဘ၀ပါ ပျက်ရပုံကို သင်ခန်းစာ ရရှိနိုင်ပါသည်။
ဝန်ခံချက်။ ။
ဘိန်းစားတစ်ယောက် ပြောပြဖူးသော ပုံပြင်တို တစ်ပုဒ်အား ပြန်လည်ခံစား ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။
အသိပေးချက်။ ။
ခရီးရက်ရှည် ထွက်ရန် ရှိသဖြင့် စာရေးခြင်းအား အချိန်အတော်ကြာသည်အထိ ရပ်နားထားပါဦးမည်။

Sunday, November 8, 2009

အသံကြောင့်သေသွားရသော..

ဓာတုဗေဒလွန် သစ်သီးဝလံလို
ကြီး ထွား ရင့် သန် သလောက် အရသာမရှိဘူး
အကွက်ချ စိုက်ပျိုးထားတဲ့ဥယျာဉ်မှာ
နှစ်ရှည်စီမံကိန်းနဲ့ ဖူး ကြ ပွင့် ကြ ပေါ့....။

ဒီလိုပါပဲ....
အခု ငါ ချမ်းသာသမျှ စည်းစိမ်ဥစ္စာအားလုံးဟာ
သူ့ ကားဘီးတစ်လုံးစာ မရှိသလိုမျိုး
အခု သူ စီးထားတဲ့ ဖိနပ်က
တချို့ တစ်ဘ၀လုံးစာနဲ့ ညီ မျှ နေ တယ် ပေါ့.......။

ဒီလိုပါပဲ....
ရှိတာလေးနဲ့ ၀အောင်ဖတ်ပြီး
ရတာလေးနဲ့ လှအောင်ရေးတယ်ပေါ့..
ကာလပေါ် ဒဏ်ရာဒဏ်ချက်တွေနဲ့
ချွေးစက်စက်ကျတယ်ပေါ့....။

ဒီလိုပါပဲ....
မျက်ဝန်းတွေကိုသင့်တော်ရာမှာ ထူးခတ်ပြီး
နားတွေကို မိုင်ထောင်ချီခရီးဝေးထိ ရွက်လွှင့်ထားတယ်ပေါ့..
နှလုံးသားကို အဆာပြေသလို နေရာချထားပြီး
ဦးနှောက်ကို ခြေပစ်လက်ပစ် အိပ်စက်ခိုင်းတယ်ပေါ့..။

ဒီလိုပါပဲ....
အပေါစား ဖျော်ဖြေမှုတွေကို
အတင့်ရဲရဲ ငြင်းဆိုနိုင်တယ်ပေါ့...
ကိုယ့်လိပ်ပြာကိုယ် လေးစားပြီး
ကိုယ့် အရိပ်ကိုကိုယ် ဂါရ၀ပြုတယ်ပေါ့.....။

ဒီလိုပါပဲ....
အနုပညာဆိုတာ..
နှလုံးသွေးတွေ အနယ်ကျထားတဲ့ ကျစ်စာခဲပါပေါ့..။
အနုပညာသမားဆိုတာ...
နွံထဲမှာ နစ်မြုတ်နေဆဲ ပတ္တမြားတစ်ခဲပါပေါ့..။

ဒီလိုပါပဲ....
သူရဲကောင်း ပုံပြင်တွေကို
ခေါင်း အုံး အိပ်တတ်လာတယ်ပေါ့..
ခေတ်ပေါ်သီချင်းသံစဉ်ကို
စည်း ၀ါး လိုက်ချင်လာတယ်ပေါ့..။

ဒီလိုပါပဲ....
(နောက်တော့လည်း..)
မျှော်လင့်ချက်ဆိုတာက
ဆိုက်ဗေးရီးယား ရထားကို စောင့်ကြိုနေတဲ့ ဘူတာရုံလေး ပါ ကွာ..။

တဖြည်းဖြည်းအသားကျလာတဲ့ နေရာထိုင်ခင်းမှာ
ရယ်မောသံတွေ အရည်အသွေးပြည့်မပြည့် ဆိုတာအထိ
စဉ်း စား မ ကြည့် ကြ ပါ နဲ့...။ ။

အိန္ဒြာ
(၂၀၀၉၊ စက်တင်ဘာလ၊ ရတီမဂ္ဂဇင်း)

ပျော်ရွှင်ပါစေ မကြီးရေ..
တစ်နှစ်ပြည့်ဘလော့ မွေးနေ့လေးအတွက် ကျနော် လက်ဆွဲနှုတ်ဆက်ပါတယ်နော်..
ခင်လေးက အာဘွားးနော်း)
မကြီးရဲ့ ကဗျာတွေထဲက အလွတ်ရသွားတဲ့အထိ ကြိုက်နှစ်သက်မိတဲ့ ကဗျာလေးကို ကဗျာရွတ်သံနဲ့အတူ အမှတ်တရ တင်ထားလိုက်ပါတယ်..။
အနုပညာပေါင်းစည်းမှု.. ရင်းနှီးခင်မင်မှုတွေကို အမြဲသတိရနေကြမယ်..။


အတွေးလေးတွေ အမြဲလန်းဆန်းသစ်လွင်နေပါစေ...
နှစ်ပေါင်းများစွာ ဘလော့ဂင်းနိုင်ပါစေနော်..

ချစ်ခင်စွာဖြင့်
(ကိုရင်နော်ခင်လေးငယ်)

Tuesday, October 27, 2009

ကမ္ဘာပျက်နေ့ရက်ဆီသို့

ကျနော်တို့ နေထိုင်ကြတဲ့ ကမ္ဘာကြီးကတော့ဖြင့် ၂၀၁၂ ရောက်ရင် ပျက်စီးတော့မှာ ဆိုပဲ။ ရက်တောင် အတိအကျ သတ်မှတ်ထားသေးတယ် 21-12-2012 တဲ့ဗျာ။ ကျနော်ကတော့ “၂၀၁၂ မှာ ကမ္ဘာ တကယ် မပျက်ဘူးကွာ လောင်းမလား” ဆိုတဲ့ဘက်ကနေ (မချင့်မရဲ) နေလိုက်ချင်သေးတယ်။

ကဲဗျာ.. တကယ်လို့ ပြောတဲ့အတိုင်း ဖြစ်လာပြီ ဆိုပါတော့.. အဲ့ဒီ နီဘီရူးလို့ ပြောနေကြတဲ့ အလုံးအကြီးကြီး တစ်လုံးက ကမ္ဘာကြီးကို ((((ဒုန်းးး)))) ကနဲ ဝင်ဆောင့်ရင် ဘယ်လို လုပ်မလဲ..? ဘာတွေဖြစ်မှာလဲ..? ကျနော်တို့ ဘာတွေ ပြင်ဆင်ကြမလဲ..? ဘယ်လို ကာကွယ်ကြမလဲ..? ဘယ်လို ရင်ဆိုင်ကြမလဲ..?

အင်းး.. သိပ်တော့ဖြင့် စိတ်မပူကြပါနဲ့လေ တကယ်သာ အဲ့ဒီလို ဖြစ်လာရင် ဘာမှကိုလုပ်လို့ ရမှာမဟုတ်ဘူး.. အချိန်လည်း မရှိတော့ဘူး.. ရှောင်လည်းမလွတ်၊ ပြေးလည်း မလွတ်ပါပဲ သေချာပေါက်ကို သေမှာ.. သေကိုသေမှာ မပူနဲ့..။

လောကကြီးက ဖြစ်ခြင်း၊ ပျက်ခြင်း အနတ္တ (တရား) တွေနဲ့ လည်ပတ်နေတဲ့ ဒုက္ခ (သစ္စာတရား) စကြာကြီး ဆိုတော့ ဖြစ်ပြီးရင်တော့ဖြင့် ပျက်မှာပဲလေ။ ဖြစ်ချိန်တုန်းက ဖြစ်ခဲ့ပြီး ပျက်ချိန်ရောက်လို့ ပျက်တာ ဘာများဆန်းလို့လဲနော်။ စချိန်တုန်းက စပြီးရင် အဆုံးလေးတော့ သတ်ကြမှ ဖြစ်မှာပေါ့။ တစ်ခုတော့ ရှိတယ် ပျက်ချိန်မှာ (ဒါမှမဟုတ်) ဇာတ်သိမ်းခန်းမှာ အေးအေးချမ်းချမ်း ပျက်ရင်၊ ဆုံးရင်၊ ဇာတ်သိမ်းကောင်းရင်တော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား။

အကယ်၍ (အကယ်၍) ၂၀၁၂ ကမ္ဘာကြီးတကယ် ပျက်မယ်ဆိုရင်လည်း သိပ်တော့ တွေးပူမနေကြပါနဲ့ ထိတ်လန့် မနေကြပါနဲ့.. ကာကွယ်လို့ရပါတယ်..။ “ဘယ်လိုကာကွယ်မှာတုန်း..ဟဲ့” ဆိုရင်.... ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်ဖို့ တရားသဘောနဲ့ (သွေးမပျက်အောင်) ကာကွယ်ရုံရှိတာပဲလေ.. “သွေးပျက်နေလို့ ရမလား..” သေရမှာပဲကို သက်တောင့်သက်သာ သေနိုင်အောင် တရားသဘောကို ရှုပြီး မေတ္တာသာ ပွားပေတော့..။ ပြေးရင်လည်း လွတ်ပါသေးတယ်နော်.. “အလိုလေ.. ဘယ်ကိုပြေးရမှာတုန်း.. လုပ်စမ်းပါဦး..” ဆိုရင်တော့.. ပြေးပါ ပြေးပါ.. အဲ့ဒီ လောဘ၊ ဒေါသ၊ မောဟ တွင်းနက်နက်ကြီးထဲက လွတ်အောင် ထွက်ပြေးကြပါ.. လောကအညစ်အကြေးတွေကို ချွတ်ပြီး လောဘ၊ ဒေါသ၊ မောဟ ကင်းတဲ့ နေရာ ရောက်တဲ့ အထိပြေး.. လူသားအချင်းချင်း မေတ္တာ ထားနိုင်သည်အထိ ပြေးပေတော့ဗျို့..။ ကမ္ဘာပျက်ရင်တော့ အဲ့ဒီတွင်း နက်နက်ထဲမှာ မပိတ်မိစေနဲ့..။

ကဲဗျာ.. ဒီတခါ တဖက်က လည့်ကြည့်မယ်.. အကယ်၍ (အကယ်၍) “၂၀၁၂ ကမ္ဘာကြီး တကယ် မပျက်ဘူးကွာ..” ဆိုရင်.. ဘာဖြစ်မလဲ..? ဘာမှ မဖြစ်ပါဘူး.. လုပ်ရိုး လုပ်စဉ်အတိုင်း တစ်ယောက်နဲ့ တစ်ယောက် ကြီးနိုင်ငယ်ညင်း လုပ်လိုက်၊ အတ္တတွေကြီးလိုက်၊ လိမ်လိုက်ကောက်လိုက်၊ ယုတ်မာလိုက်၊ ကောက်ကျစ်လိုက်၊ အမုန်းတွေပွားလိုက်၊ ဒေါသတွေကြီးလိုက်၊ မာန်တွေတက်လိုက်၊ ရန်တွေဖက်လိုက်ပေါ့။ ဒီထက်ပိုဆိုးရင် သတ်ကြဖြတ်ကြ၊ စစ်တွေဖြစ်ကြ.. မဟုတ်ဘူးလား ပျော်စရာကြီးပါ။

စိုးတော့ မစိုးရိမ်ကြပါနဲ့ သေမှာက တစ်ယောက်တည်းမှ မဟုတ်တာပဲ..။ တစ်ယောက်တည်း သေရင်တောင် ပျင်းစရာ ကောင်းရင် ကောင်းနေဦးမယ်.. ခုလို အစုလိုက်အပုံလိုက် သေရမှာများ ကြုံတောင့် ကြုံခဲ မဟုတ်လား။ ဘဘကြီးလည်း သေမှာပဲ၊ အူဝဲလေးလည်း သေမှာပဲ၊ ချောတဲ့သူလည်း သေမှာပဲ၊ ရုပ်ဆိုးသူလည်း သေမှာပဲ၊ သူဌေးကြီးလည်း သေမှာပဲ၊ ဆင်းရဲသားလည်း သေမှာပဲ၊ မည်းတဲ့သူလည်း သေမှာပဲ၊ ဖြူတဲ့သူလည်း သေမှာပဲ။ အဲ့ဗျာ အဲ့ဒီလိုပဲ အာဏာရှင်လည်း သေမှာပဲ၊ အာဏာမဲ့လည်း သေမှာပဲ၊ မောက်မာနေလည်း သေမှာပဲ၊ မာန်တက်နေလည်း သေမှာပဲ... သေမှာပဲ.. သေမှာပဲ.. သေမှာပဲဟေ့ သေမှာပဲ... ဒီလိုဆိုတော့ အယုတ်၊ အလတ်၊ အမြတ် မရွေး သေကုန်ကြမှာပဲ.. ဟုတ်တယ်.. ဘာမှကို တွေးမနေနဲ့ သေနေ့စေ့လို့ သေရတာပဲ သေပေါ့.. တပျော်တပါး..။

မတားနဲ့နော် သေမှာကိုတော့ တားလို့ မရနိုင်ဘူး။ သေမင်းကြီး လာခေါ်ရင်တော့ လက်အုပ်ချီပြီး တောင်းပန်လို့ မရဘူးနော် ဆရာတော်ကြီးကိုလည်း ခေါ်သွားတာပဲ။ သေမင်းကို (သို့မဟုတ်) ကမ္ဘာကို ဝင်ဆောင့်မယ့် အလုံးကြီးကို သေနတ်နဲ့ ထိုးချိန်ပြီး “ငါဘာကောင်ကြီးကွ ပစ်ထည့်လိုက်မယ်” လုပ်လို့လည်း မရပါဘူးနော် အဲ့ဒီ သေမင်းက ဂုတ်ကနေကိုင်ပြီး ဆွဲခေါ်သွားမှာပါပဲ။

၂၀၁၂ ရောက်ရင် သေတော့မယ် ဆိုတာ “မဖြစ်နိုင်ပါဘူးကွာ” လို့တော့ ကြောက်ကန်ကန်ပြီး အတွေးထဲက ထုတ်လိုက်ချင်တာပါပဲ.. ဒါပေမဲ့ ဆူနာမီလို လှိုင်းလုံးကြီးတွေ၊ မီးတောင် ပေါက်ကွဲတာကြီးတွေ၊ မုန်တိုင်းကြီးတွေ၊ ငလျင်ကြီးတွေကို မြင်ဖူးနေတယ်လေ.. အနီးစပ်ဆုံး ကျနော့်တို့ကို ဝင်ဆောင့်သွားတဲ့ နာဂစ်ကိုကြည့် ဘယ်လောက် သွေးပျက်စရာကောင်းသလဲ။ နာဂစ် တကယ်ထိတဲ့ နေရာကလူတွေ အတွက် အဲ့ဒါ ကမ္ဘာပျက်တာပါပဲ။ သဘာဝတရား ဆိုတာကိုရော ဘယ်သူက တားလို့ ရနိုင်မှာလဲ..။ တကယ်ဆို ဒါတွေက ရှေ့ပြေးနိမိတ်တွေလို့ ပြောမလား.. သတိပေးအချက်ပြနေတာ လို့ ပြောမလား..။ စဉ်းစားသင့်တယ်နော်..။

“မဖြစ်နိုင်ဘူး” လို့တော့ စုံမှိတ်ပြီး ခေါင်းမခါချင်ဘူး။ “ဖြစ်လာမှာပါလား” ဆိုပြီးတော့လည်း တွေးပူပြီး ထိတ်လန့်မနေချင်ဘူး.. ဆိုတော့ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် သေတာတော့ သေရမှာပဲလေ ကောင်းကောင်းမွန်မွန် သေနိုင်အောင် ကြိုတင်ပြင်ဆင်ထားရုံ ရှိတာပဲ..။ “ဘာတွေ ပြင်ရမှာတုန်း..ဟဲ့” ဆိုရင်တော့ အားလုံးသိပြီးသားတွေပါပဲလေ.. ခက်လည်း မခက်ပါဘူး.. ဘာသာတရားတိုင်းရဲ့ တရားတော်တွေမှာ ဆုံးမထားတဲ့ အတိုင်း မေတ္တာတရား လက်ကိုင်ထားပြီး မိမိကိုယ်တိုင်ရဲ့ စိတ်ဓါတ်၊ အကျင့်၊ သီလ ဖြူစင်သန့်ရှင်းအောင် ကြိုးစားရုံပဲလေ။ မဟုတ်ဘူးလား.. ။ ဒီလိုပဲ လူသားအချင်းချင်း အပြန်အလှန် မေတ္တာထားကြမယ်၊ ရိုင်းပင်းကူညီကြမယ်၊ ငြိမ်းချမ်းရေးတွေ ယူကြမယ်ဆိုရင် သေခြင်းတရားနဲ့ မတွေ့ခင် အချိန်လက်ကျန်လေးမှာ လောကကြီး သာယာလှပ နေပျော်နိုင်တာပေါ့..။

“သေခါနီး လေကြောက ရှည်နေသေးတယ်” လို့ ထင်နေကြမလားတော့ မသိဘူး.. ရှည်ရင်လည်း ရှည်တယ်လို့သာ မှတ်ပေတော့ဗျို့.. ဒါက နောက်ဆုံး ပိုစ့် ဖြစ်သွားနိုင်တယ်.. (သေခြင်းတရားဆိုတာ အဲ့လို)..

ကျနော် အာရွှီးပေးတာတွေ ဖတ်ပြီးရင်တော့ ဒါလေး အရင်ကြည့် ဒီပုံက ၂၀၁၂ အဖြစ်အပျက်ကို ကြိုတင်ခံစား စိတ်ကူးပုံဖော်ထားတယ် ထင်ပါတယ်.. ကျနော်လည်း Google ကနေ ရှာရင်းတွေ့တာလေးပါ..။ ကူးပြီး Wall Paper လေးသာ တင်ထားပေတော့ဗျို့.. “ဟဲ့.. နိမိတ်မရှိ.. ဘာလို့ Wall Paper တင်ရမှာတုန်း” ဆိုရင်တော့ အကြောက်တရား ရစေဖို့ မဟုတ်ပါဘူး.. (သေခြင်းတရား) သတိတရားလေး ရနေစေချင်လို့ပါပဲ..။


ဒီအောက်မှာ ပြထားတဲ့ ဗီဒီယိုလေးကိုလည်း ကြည့်ကြပါဦး YouTube ကနေ ယူထားတာပါ။ ကြည့်ဖူးသူတွေလည်း ရှိမှာပါ။ မကြည့်ဖူးသေးရင်တော့ ကြည့်ကြည့်ပေါ့.. ထိတ်လန့်စေဖို့ မရည်ရွယ်ပါဘူးနော်.. ဒါဟာ တကယ်ဖြစ်လိမ့်မယ်လို့လည်း မပြောပါဘူး.. (သေခြင်းတရား) သတိတရား တစ်ခု ရစေဖို့ပဲ ရည်ရွယ်ပါတယ်..။


ပေရှည်နေတာနဲ့ ဆိုလိုရင်းက ခုမှ ရောက်တော့မယ်..။ အဲ့ဒီ သေခြင်းတရားကြီးနဲ့ ကမ္ဘာပျက်မှာကြီးကို တွေးလည်း တွေးမနေချင်တော့ဘူး။ တွေးလည်း သေမှာ မတွေးလည်း သေမယ့် အတူတူတော့ မတွေးပဲနေတာ ပိုကောင်းမယ်..။ ဘာမှလည်း မလုပ်ချင်တော့ဘူး လုပ်လည်း သေမှာ မလုပ်လည်း သေမှာပဲ..။ ဒါကို ကျနော့်ရဲ့ ချစ်လှစွာသော အစ်မတော် ကဗျာဆရာမအိန္ဒြာ က စိတ်ဝင်တစား တဂ်ထား ပြန်ပါတယ်..။ သူလုပ်တာနဲ့ ခပ်မေ့မေ့ဖြစ်နေတဲ့ သေခြင်းတရားကို သတိရမိသွားတယ်..။ အင်း.. သေမည့်သူအချင်းချင်း ပြုံးပြနှုတ်ဆက် အားပေးစကားပြောရမှာပဲလေ..။ မအိန္ဒြာရယ် တစ်လ ဆိုတာ များတယ်ဗျာ ချစ်နှမငယ် မယ်ကိုး ပြောသလို အခုချက်ချင်း ဆိုလည်း ဖြစ်တယ်..။

ဒီတော့ “ကမ္ဘာပျက်ခါနီး တစ်လလောက်အလို” ဆိုတာကြီးက.. ကြာလို့.. ပြီးတော့ တစ်လလုံးလုံး စိတ်ဆင်းရဲနေရဦးမယ်.. မထူးဘူး အခုကို ဖြစ်တော့မယ်.. လာမယ့်ဘေး ပြေးတွေ့ပြီကွာ.. “အခု ဖြစ်ပြီတဲ့ဟေ့...!!! အခု ချက်ချင်းကြီးကို ကမ္ဘာကြီးပျက်ပြီကွ...” လေသံ၊ မိုးသံ တွေနဲ့ “ဝုန်းဝုန်း” “ဒိုင်းဒိုင်း” မုန်တိုင်းတွေလည်း ကျလာပြီ၊ လှိုင်းတွေလည်း ထလာပြီ၊ ငလျင်တွေလည်း ကြွလာပြီ...

ဘယ်သူတွေနဲ့ ရှိနေချင်လဲ..
“ဘယ်သူနဲ့မှ မရှိချင်ဘူးကွာ...” ဟိုမှာ မုန်တိုင်းက လာနေပြီ.. ဘယ်သူနဲ့မှ ရှိချင်မနေနဲ့ ကိုယ်လို သူလို သေတော့မယ့်သူတွေနဲ့ပဲ အတူတူ ရှိနေရတော့မှာပဲ.. အားပေးစကားတွေ လိုက်ပြော.. “See You Next World” ပေါ့..။

ဘာတွေ ခံစားနေရမလဲ..
မေးစရာ လိုသေးလို့လားဗျာ.. ((((ဝေါ..ဝေါ ဝရော..)))) ဆိုပြီး အသံကြီးတွေ ကြားတာနဲ့တင် ကြောက်ဒူးတွေတုန်လို့.. ကြောက်ရှူရှူးတွေ ထွက်ကောင်း ထွက်လိမ့်မယ်.. ကြောက်တာပေါ့ဗျာ့..။

ဘာတွေ ပြင်ဆင်ထားမလဲ..
ဘာမှကို ပြင်ဆင်မနေနဲ့တော့ အချိန်ကမရှိတော့ဘူး.. အချိန်ရှိတုန်းကတော့ အလေလိုက်နေပြီး.. အချိန်မရှိတော့မှ ဘုရားလာရှိခိုးမနေနဲ့.. တရားစခန်းလည်း သွားမနေနဲ့.. အပိုပဲ.. လုပ်ပါ့လား နေ့တိုင်း..။ အင်း.. ဒါပေမဲ့ ညစ်ပေနေတဲ့ စိတ်နှလုံးတွေကို အဖြူရောင် အင်္ကျီလေးဝတ်ပြီး ဖုံးထားလိုက်ချင်သေးတယ်.... ကောင်းတယ် ဒီတော့ သေမယ့်နေ့မှာ.. အဖြူရောင်လေး ဝတ်ထားလိုက်မယ်..။ (ဟင်း.. သေခါနီး လေတွေ၊ မိုးတွေ၊ ရွှံ့တွေနဲ့ ပေပွကုန်ရင် အဖြူရောင်လေး နှမြောစရာ)

ဝမ်းနည်းမိမှာက..
ဝမ်းနည်းရဦးမယ်.. ဟုတ်လား.. နည်းမနေနဲ့တော့.. ဘာမှကို မထူးတော့တာ ဟိုမှာ.. အလုံးကြီးက လာနေပြီ...။
နည်းချင်သပ ဆိုရင်တော့ အသုံးမကျခဲ့တာတွေကို တွေးတွေးပြီး ဝမ်းနည်း..။

ကြောက်လန့်မိမှာက..
မမေးနဲ့လေ.. အဲ့ဒီ အလုံးကြီး ရင်ဘတ်တည့်တည် လာမှန်ရင် ဘယ်လို လုပ်မလဲ..။ ပြောမရဘူးလေ အကုသိုလ် များသူပေမို့ တွေးမိတွေးရာ မြင်မိမြင်ရာ ကြောက်လန့်လွန်းလို့ ရူးများသွားမလား မသိ..။

ဆောင်ထားချင်တာ..
စိပ်ပုတီးလား.. ဘုရားစာအုပ်လား.. ရွတ်ဖတ်နေရမယ့် ဂါထာတွေလား.. ဒါမှမဟုတ် သေနတ်ကြီးလား.. ဓါးဆိုတာကြီးလား.. လက်ပစ်ဗုံးကြီး၊ အမြှောက်ကြီး.. အင်း မဖြစ်သေးဘူး.. ဒါဆို.. တယောတစ်လက်၊ ဝိုင်တစ်ခွက်၊ ဂစ်တာတစ်လက်၊ အရက်နှစ်ပက်၊ ဒါတွေလည်း မဖြစ်သေးပါဘူးလေ.. ဒါဆို.. စာအုပ်နဲ့ ဘောပင်၊ ကင်မရာ၊ တယ်လီဖုန်း၊ လက်ပတော(ပ်) တစ်လုံးလား.. ဒါတွေလည်း မဟုတ်သေးပါဘူး.. ဒါဆို ဘာဆောင်ထားရင် ကောင်းမလဲ.. တစ်ရှူးတစ်ထုပ်ဆိုရင် ကောင်းမလား.. တော်ကွာ..!! ဘာမှကို ဆောင်မနေနဲ့ ဆောင်လည်း သေမှာပဲ.. မဆောင်လည်း သေရမှာပဲ ယောင်ကြောင်ကြောင်တော့ မလုပ်နဲ့.. ချက်ချင်းမသေပဲ ဖုတ်လိုက်ဖုတ်လိုက်နဲ့ ဆန့်ငင်ငင် ဖြစ်နေဦးမယ်..။ ခုထိကို စိတ်က မပြတ်နိုင်သေးဘူး..။

ဘာတွေရေးမိမလဲ..
ရေးမနေနဲ့တော့ ရေးနေရင်လည်း ဖတ်ဖို့ ဘယ်သူမှကို စိတ်မဝင်စားတော့တာ.. အချိန်ရှိတုန်းက အကျိုးပြုတွေ.. ရေးပါလား ခုမှတော့ လုပ်မနေနဲ့တော့..။ အဲ့.. တစ်ခုတော့ ရှိတယ် ရေးချင်သပ ဆိုရင်.. သေတမ်းစာ တစ်ခုရေးခဲ့ နှလုံးသားပေါ်မှာ ရေးလိုက်စမ်း “လူပီသဖို့အတွက် လူသားချင်းချင်းးးးးးး” ဟဲ့ ဟဲ့.. မမီတော့ဘူး.. လာပြီ.. လာပြီ.. ((ဒုန်းးး)) အားးးး..!!! သေပြီ..။

တွေးမိတွေးရာ အတွေး..
အဲ့ဒီနေ့ အဖြစ်အပျက်လေးကို ပိုစ့် တစ်ပုဒ်လောက်တော့ ရေးလိုက်ချင်သေးတယ်.. သိတဲ့ အတိုင်း “ပေါက်ကရ”။
တကယ်လည်း ရေးဖြစ်မှာပါ.. “အဟေးဟေးးး (၂၁-၁၂-၂၀၁၂) နေ့ ဆိုတာ ဘယ်မှာ ကမ္ဘာပျက်လို့တုန်းကွ.. ဒီလောက်သာယာလှပ နေတဲ့ လောကကြီးက ကမ္ဘာကြီး ပျက်စရာလား..” အဲ့လို.. အဲ့လို..။ ဟုတ်တယ်.. တကယ်မပျက်လို့ကတော့ သရော်စာ တစ်ပုဒ်ရေးဖို့ ကြိုတွေးထားမယ်..။ တကယ် ပျက်လို့ ကတော့.. အင်းး... အဲ့.. အဲ.. အီးးးးးဟီးးးဟီးးးးးး ငိုရုံရှိတော့တာပဲလို့.. အဟို့ ဟို့..။

ဂုဏ်ယူချင်တာက..
ဘာဂုဏ်မှကို ယူမနေနဲ့ ဘာဂုဏ်မှလည်း ရှိတာ မဟုတ်ပဲနဲ့..။ ကြံဖန် ဂုဏ်ယူချင်ရင်တော့ “ဟေ့ ငါဟဲ့ ကံထူးသူ ကမ္ဘာကြီး ပျက်တာတောင် ငါတစ်ကောင်တည်း ငေါင်ကြောင်ကြောင် ကျန်နေရစ်တယ်” လို့ ယူပေတော့..။ အင်း ပြောသာ ပြောရတာ တစ်ယောက်တည်း ကျန်နေရင်တော့ အတော် ပျင်းစရာ၊ ကြောက်စရာ ကောင်းမှာပဲ။ “ဧဝ” လို ကောင်မလေး ခပ်ချောချော တစ်ယောက် ရှိနေရင်တော့ အကောင်းသား...။

ရှာကြံဖြေသိမ့်မိတာက..
ရှာလည်း မရှာနဲ့ ကြံလည်း ကြံမနေနဲ့တော့.. ဟိုမှာ လှိုင်းလုံးကြီးတွေက ရှမ်းတောင်တန်းတွေကို ဖုံးနေပြီ..။ ကြံဖန် ဖြေသိမ့်ချင်သေးတာ ဆိုရင်တော့.. “အော်... တော်ပါသေးရဲ့ ငါဟာ ဘာကောင်မှသာ မဟုတ်တာ သေတော့လည်း ရုပ်ပျက်ဆင်းပျက်လေးပါလားးး” လို့သာ ဖြေပေတော့..။

ကျူးရင့်ချင်တဲ့ ဥဒါန်း..
“ဟေ့.. သေနေ့စေ့လို့ သေတာ ဘယ်ကောင့် ဂရုစိုက်ရမှာလဲကွ.. ဟေ..”

မမအိန္ဒြာ ရေ ရေ့ ရေး.. စာမရေးဖြစ်ပဲ ပုန်းနေတာကို မရေး ရေးအောင် တဂ်လိုက်လို့ ရေးလိုက်ပါပြီတဲ့ဗျာ..
စကားမစပ် အဲ့ဒီနေ့ရောက်ရင် ကဗျာအတူတူ ရွတ်ကြဦးစို့ “သေခြင်းတရားဆိုတာ ငါတို့နဲ့ ဘာဆိုင်သေးလဲကွာ..” လို့ နော်..။

ဒီပိုစ့်ကို “ဘယ်သူ့ကိုမှ ဆက်ပြီး မတဂ်တော့ပါဘူးလေ” လို့ ဆုံးဖြတ်ထားလိုက်ပေမယ့်.. တရေးနိုးတော့ အကြံပေါ်လာတယ်.. ဒီကမ္ဘာပျက် ကပ်ဘေးကြီးကို စာဖတ်သူတို့ လုံးဝ (လုံးဝ) မစိုးရိမ်တော့အောင် မိတ်ဆွေကြီး တစ်ယောက်ကိုတော့ အပူကပ် ရေးခိုင်းဦးမှပါလေလို့..။ ကဲဗျာ.. ချစ်မိတ်ဆွေကြီး ကိုဟန်သစ်ငြိမ် ရေ... (ရေးပြီး) ဆရာ စာမရေးတာလည်း ကြာနေပြီ.. ကြံကြံဖန်ဖန်တွေ ရေးပေးပါဦးဗျာ.. တဂ်လိုက်ပါတယ်နော်.. ခါတိုင်းလို ချစ်ခင်စွာနဲ့ပဲပေါ့..။

လူသားအားလုံး အသေဖြောင့်နိုင်ဖို့ အနေဖြောင့်နိုင်ကြပါစေ...
ခင်မင်လေးစားချစ်ခြင်းအားဖြင့်

(ကိုရင်နော်)

Tuesday, October 13, 2009

တင့်ဆန်းနေတဲ့ပန်း ညီမလေးရေ..

တင့်ဆန်းနေတဲ့ပန်း

ခင်မင်မှုတွေနဲ့ အနားသတ်လိုက်တယ်
အဲဒီ့ ကတ္တီပါ ခပ်မြမြလေးမှာ
လျော့ရဲသွားတဲ့ ကြိုးတွေတင်းရင်
ပျောက်ဆုံးသွားတဲ့ အမှတ်တရကိုသိမ်းထုတ်ဖို့ ရှာဖွေရင်း
ခရီးပြင်း နှင်နေခဲ့တဲ့ လမ်းတလျှောက်
နွေပျောက်ရင်တောင် လင်းလင်းလက် တောက်မယ် ။ ။

တကယ်ဆို လွတ်ကျသွားခဲ့တာမှမဟုတ်တာ
လွှတ်ချဖို့ အခွင့်တွေကြားမှာ မြဲမြံမှုတွေစွဲဖို့
ငါတို့ရဲ့ စိတ်သံမှိုတွေ လွတ်လပ်ခြင်းနံရံပေါ်မှာ ခိုင်ခိုင်စိုက်လိုက်
ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံမှာ

ဝဋ်နာကံနာ ကုန်တယ် ။ ။

ကြည်နူးမှုတွေ ကပြဖို့အတွက်
ရှေ့ထွက်ဟာ ပင်ပန်းမှုတစ်ခုဖြစ်မယ်
အထီးကျန်မှုတွေ အိပ်တန်းဝင်ဖို့
လွတ်လပ်မှု စတေးခြင်းတွေဟာ ရှေ့ပြေးဖြစ်မယ်
ဘ၀တွေ ငြိမ်းစေဖို့
စိတ်တလင်းတွေဟာ အလင်းဖြစ်မယ်
ဖောက်ထွက်တိုးဖျက်ဖို့ အတွက်
လက်တွေဟာ ခြေထက်မြဲမယ်

ကဲ...ဒီလိုနဲ့ဘဲ
မိုးကောင်းကင်မြင့်မှာ မွေးနေ့တစ်ပွင့်ပွင့်တယ်။ ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
~~~~~~~~~~~~~~~~~~~~~

ညီမလေးရေ....

ညီမလေးရေ..
ငါတို့ဟာ.. အရှိန်နဲ့ပြေးထွက်လာတဲ့ ပေါက်ဓါးတွေလို..
တဆတ်ဆတ်တုန်ခါနေပေမယ့်
ပစ်မှတ်ကို အနက်ရှိုင်းဆုံး ထိုးဖေါက်ကြစို့ကွယ့်..။

သောကကို ရယ်မောသံအဖြစ် အသွင်ပြောင်းလို့
နာကျင်ခြင်းတွေကို သီချင်းလုပ်ဆိုကြမယ်..
ကြုံဆုံလာသမျှ အခက်အခဲတွေဟာ.
ငါတို့ နှလုံးသွေးရောင် သင်ခန်းစာတွေပဲ
မိုင်ထောင်ချီဝေးတဲ့ခရီးရဲ့ ပထမဆုံးခြေလှမ်းမှာကိုက..
ဒုက္ခသစ္စာကို.. အံကြိတ်ရွတ်ခဲ့ပြီးမှတော့..
ဒီခရီး... ဝေးဝေးနီးနီးပေါ့ ညီမရယ်..

အချိန်ကာလဆိုတာ..
သိပ်ကိုကျွမ်းကျင်တဲ့ တံမြက်စည်းတစ်ချောင်းတဲ့ ညီမရေ..
မလိုအပ်တာတွေဟာ..
အချိန်ကျရင်.. လှဲကျင်းခံကြရတော့မှာ...
အဲဒီ့မှာ..
ငါတို့ဟာ..
အမှိုက်မဟုတ်တဲ့ ရွှေ ဖြစ်ကြောင်း
လက်ခမောင်းခတ်ပြီး.. သက်သေပြနိုင်ဖို့
ဒါဟာ... မှတ်ကျောက်တင်ခြင်း..အနုပညာတစ်ခုပါပဲ..

ကိုယ့်ပစ်မှတ်ကိုကိုယ် စိတ်ကြိုက်ရွေးချယ်လို့
ငါတို့... ကိုယ့်အသွားကိုယ်သွေးလိုက်ကြစို့ကွယ်..
မွေးနေ့ဆိုတာ..
အာရုံငါးပါးနဲ့ အဆက်အဆံ အခေါ်အပြောများကြောင်း
တစ်နှစ်တစ်ခါချောင်းချောင်းကြည့်ရတဲ့ စင်တင်ပြဇာတ်လောက်ပါပဲ...

ဘ၀မှာ..
နှစ်ခါမသေပါဘူး.. ညီမရေ..
ငါတို့ကူးနေတဲ့မြစ်ရေဟာ..
မနေ့ကထက်တော့ကြည်လင်လို့....
လှမ်း မျှော်ကြည့်လိုက်စမ်း......
အဲသလို... လင်းပလာမယ့် ကောင်းကင်မှာ...
မင်းအမည်နာမနဲ့ ကြယ်စင်တစ်စင်း... ပြုံးနေတယ်..။

အိန္ဒြာ
(၁၃.၁၀.၂၀၀၉)
(အောက်တိုဘာ ညီအစ်မနှစ်ဦးအတွက်.. လက်ဆောင်မွန်)

~~~~~~~~~~~~~~~~~~~~~
မွေးနေ့လက်ဆောင်အဖြစ် ရင်တွင်းကဗျာလေးတွေ ရေးပေးတဲ့ ကိုမိုးမြင့်တိမ် နှင့် မအိန္ဒြာ တို့အား ကျေးဇူးအထူးတင်ရှိပါတယ်..။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
(ခင်လေးငယ်)

မွေးနေ့ဆိုတာငိုစရာနေ့မှမဟုတ်တာ

မွေးနေ့ဆိုတာ မျက်ရည်ဝဲနေဖို့မှ မဟုတ်တာ
နေ့သစ်တွေ ညိုမှောင်ပြီးရင် လင်းတော့မှာပဲ
ဆိုနေတဲ့သီချင်းတော့ သံစဉ်မှန်ပါစေပေါ့
တာဝန်တစ်ခုဆိုတာ မျက်ရည်သုတ်ဖို့ မဟုတ်ဘူးနော်
ငိုသံတွေ နေရာမှန်ဖို့ လိုတယ်လေ
တင်ခြင်းဟာ စတေးခြင်း ဖြစ်တတ်တယ်
ရာသီဥတုဆိုတာ ထစ်ချုန်းပြီးရင် သာယာမှာပေါ့
နေ့တစ်နေ့ရဲ့ ကုန်ဆုံးမှုမှာ ငြိမ်းချမ်းနေဖို့ အဓိကပဲ
မှတပါး အခြားမရှိတော့ပြီဆိုတာ မျက်ရည်မဖြစ်စေနဲ့
သိတာမှ မဟုတ်တာ
ဟုတ်တယ်မလား..!
တာဝန်တွေပြီးရင် မျက်ရည်တွ ခန်းခြောက်သင့်ပြီ
ခင်မင်သူတွေ မျှော်နေတာ အဲ့ဒီနေ့လေးကိုတဲ့
လေးပင်တဲ့ စိတ်တွေ ပေါ့ပါးလန်းဆန်းနိုင်ပါစေဟာ
ရယ် (ရီ) စရာတွေပြောဖို့ ငါလည်း ရှိနေသေးတယ်လေ..

(ကိုရင်နော်)

Tuesday, September 29, 2009

နံနက်ခင်းပီသသွားသောစနေမနက်

တစ်ခုတည်းသော နားလည်မှုနှင့် ထုံးကျစ်ထားသည့် ကြိုးတစ်ချောင်းပေါ်တွင် ရပ်ကြည့်ဖူးကြပါသလား..!!
ကြိုးပေါ်မှာ လမ်းလျှောက်ခြင်း သို့မဟုတ် ခြေအစုံ ရပ်နေခြင်းသည် အင်မတန် ခက်ခဲသော အရာပင်ဖြစ်သည်။ လူသည် လူသားဆန်စွာ စိုရိမ်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ပူပန်ခြင်းများနှင့် ထိုကြိုးပေါ်တွင် ဟန်ချက်ငြိမ်ဖို့ နှလုံးခုန် မြန်ကောင်း မြန်နေလိမ့်မည်။ သို့သော်... တုန်လှုပ်မှု အလုံးစုံ၏ နောက်ကွယ်၌ ရှိနေခဲ့သော မမြင်နိုင်သည့် ယုံကြည်မှုခွန်အားသည် သေးသွယ် ပျော့ပျောင်းသောကြိုးအား အလွန်ခိုင်မာသော သံမဏိကြိုးအဖြစ် ပြောင်းလဲပေးနိုင်သည့် စွမ်းအားဖြစ်သည်ကို....။

စနေနံနက်ခင်း တစ်ခုတွင် သာမန်ထက် စောလွန်းစွာ အိပ်ရာနိုးခဲ့သည်။ “ဖြတ်” ကနဲ ပွင့်လာသော မျက်လုံး တစ်စုံကို သုံးမိနစ်ခန့် ပြန်မှိတ်ကာ စိတ်ကို စုစည်းကြည့်သည့် အကျင့်တစ်ခု ရခဲ့သည်မှာ သိပ်မကြာသေး။ ကိုယ်ပေါ်မှ အဖြူရောင် စောင်ပါးပါးကို ခွာအချမှာ အေးစိမ့်စိမ့် နိုင်လွန်းသည့် နံနက်ခင်းလေထု စိုထိုင်းထိုင်းက အမောတကော လာရောက်ပွေ့ဖက်၏။ ခပ်ဖွဖွ ခြေလှမ်းများဖြင့် မှန်ပြူတင်းနားသို့ လျှောက်ခဲ့မိသည်။ အလွတ်ရနေသည့် မြင်ကွင်းကျယ် တစ်ခုက မိုးမှုန်များနှင့် ဝေဝါးလို့နေသည်။ ကြည့်မြင်နေကျ ပင်လယ်ပြာပြာသည် မီးခိုးရောင်လွင်ပြင်...။

မြင့်လွန်းသည့် တံတားပေါ်မှ အချက်ပြ မီးရောင်တချို့ တချက်တချက် မှိတ်တုတ်တုတ်နှင့် လက်နေကြသည်။ တံတားပေါ်တွင် အသွားအပြန် ရွေ့လျားနေသော ကားကြီး၊ ကားငယ် အားလုံးသည် မီးများဖွင့်၍ မောင်းနှင်နေကြ၏။ နာရီကို ကြည့်ထားမိ၍သာ မနက်ခင်းဟု ဆိုနိုင်သော အနေအထားပင်။ လက်အစုံကို ပိုက်၍ရပ်ရင်း မှန်ပြူတင်း အပြင်ကို ငေးနေခဲ့သည်မှာ မိနစ်ပြလက်တံရှည် မည်မျှ ရွေ့သွားခဲ့ပြီမသိ။ အရှိန်အဟုန်ဖြင့် ခပ်သဲသဲ ရွာချလိုက်သော မိုးကြောင့် နံနက်ခင်းသည် ပိုမှောင်သွားခဲ့သည်။ အသက်ရှူသံ တိုးသဲ့သဲ့ကို မိုးသံများက မညှာမတာ အလုအယက်နှင့် ဝါးမျိုစားသုံးကြပြန်၏။ အညှိုးကြီးလှသော မိုးကို လက်မှိုင်ချ အရှုံးပေးလိုက်သော စနေနံနက်ခင်းသည် မျက်လုံးလေး အဝိုင်းသားနှင့် ငြိမ်သက်နေသော သမင်မလေး တစ်ကောင်နှင့်ပင် တူနေပေလိမ့်မည်။

စုစည်းထားသော စိတ်အစဉ်သည် မိုးသံများအောက်တွင် လေးပင်ပင်နှင့် ရွေ့လျားမှု မဲ့နေသည်ထင်၏။ ခန္ဓာရော စိတ်ပါ နေရာ တစ်ခုတည်းတွင် တည်ငြိမ်နေခြင်းကို နံနက်ခင်း မဆန်သော စနေမနက်ခင်းတွင် ရရှိခဲ့မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးမိဖူးခဲ့။ တစ်စုံတရာကို ကျေးဇူး တင်မိပြန်သေး၏။ လွမ်းဆွတ် တမ်းတခြင်း များစွာဖြင့် ပူလောင်စွာ နိုးထဖူးသည့် စနေမနက်ခင်း အချို့က အတွေးမှာ လာကပ်သည်။ စိတ်သည် လှစ်ကနဲ ခပ်လှုပ်လှုပ် ပြန်ဖြစ်လာခဲ့၏။ မဆိုစလောက် လင်းရောင်သန်းလာသော စနေသည် မိုးစက်များ အောက်မှာပင် လူးလွန့်လာခဲ့ပြီ ထင်၏။ မှန်တံခါးကို လာပက်နေသော မိုးပေါက်ကြီးများမှာ အညှိုးကြီးစွာ ရန်လိုနေဆဲပင်။

အာရုဏ်ဦး အတော်များများကို ပူပန် စိုးရိမ်မှုများနှင့် မျက်နှာသစ်ခဲ့ဖူးသည်။ လွမ်းဆွတ်တမ်းတစိတ်တို့ဖြင့် ရွှေအိုရောင် ညနေများစွာကို ကုန်လွန်စေခဲ့ဖူးသည်။ ထိုနေ့ရက်များသည် နားလည်မှုဆိုသည့် စကားတစ်ခွန်း၏ အဓိပ္ပါယ်ကို သာမန်မျှသာ နည်းလည်ခဲ့သော နေ့များ ဖြစ်ခဲ့ပေမည်။ ပြည့်ဝသော အနက်ကို ယုံကြည်စွာ မခံစားတတ်ခဲ့သည်မှာ သေချာလွန်း၏။ ပျော့အိအိ ကြိုးတစ်ချောင်းပေါ်တွင် လမ်းလျှောက်နေရသူလို သောကများနှင့် တောက်လောင်၍ အရာရာကို ထိတ်လန့်နေတတ်ခဲ့သည်။ အမည်မသိသော ခံစားချက်မျိုးစုံနှင့် ထိုကြိုးလေးပေါ်မှ ပြုတ်ကျမည်ကို ကြောက်လန့်နေခဲ့သည်။ တည်ငြိမ်သယောင် ဟန်ကိုယ့်ရင်း ရင်ခုန်သံ အတက်အကျတို့ အစွန်းရောက်ခဲ့သည်။ ချစ်သူရေးပေးခဲ့သော ကဗျာလေးတစ်ပုဒ်သည် မိမိကိုယ်တိုင် ဖြစ်ခဲ့၏။

ငါဟာ..
မြင်းရိုင်း တစ်ကောင်လို အော်ဟီးလိုက်ချင်လည်း
စကားတွေ မတတ်တဲ့ ဒီလည်ချောင်း ဒီပါးစပ်
ရေငတ်လို့ တံတွေးမျိုရတာ
ခြောက်ကပ်ကပ်နဲ့ အာသီးနာတယ်..။


အလွမ်းများနှင့် အဆုံးသတ် ဝေးရမည်ကို စိုးရိမ်ရင်း အားငယ်စိတ်များ ဖိစီးသည့် နေ့ညများသည် ဆောက်တည်ရာမဲ့၊ ကစဥ့်ကလျားနှင့် တည်ငြိမ်မှု မဲ့ခဲ့သည်။ ပိုင်ဆိုင်လိုမှု ကင်းသည်ဟု တွေးခဲ့ဖူးသည်လား မမှတ်မိ။ ထိုသို့ တွေးဆခဲ့ဖူးသည် ရှိသော် ကိုယ်တိုင် ဟန်ဆောင် လိမ်လည်မှု စစ်စစ်တစ်ခုသာ ဖြစ်ခဲ့ပေလိမ့်မည်။ တိုးလျလွန်းသော စကားတစ်ခွန်းသည် အားအင်များဖြစ်ခဲ့သလို စကားတချို့၏ အဆုံးသတ် လေယူလေသိမ်းလေး တစ်ခုတလေနှင့်ပင် ပေါက်ကွဲအား ပြင်းသော ဗုံးတစ်လုံးအား မျိုချမိသူလို ဖြစ်ခဲ့ဖူး၏။ အဆင့်ဆင့် ပေါက်ကွဲ၍ အစိတ်စိတ်အမွှာမွှာ လွင့်စဉ်ဖူး၏။ အကြိမ်ကြိမ်အခါခါ ကောက်ယူ ပြန်ဆက်ဖူး၏။ ကဗျာလေးထဲမှ ချစ်သူ့ ဝိညာဉ်သည် အသက်ရှူသံ မောမောများမှာ ပူးတုံခွာတုံ ရစ်ဝဲနေခဲ့၏။ ကဗျာနှင့် တသားတည်း ကျခဲ့ရသော ပူလောင်သည့် နေ့ရက်များစွာကို ဖြတ်ကျော်ခဲ့ဖူးသည်ပဲ..။


အားမရလိုက်တာ
ဒေါသ မောဟ မဲ့တဲ့ နံရံကို ဆွဲထိုးချင်စိတ်တွေ
စက္ကန့်သံတစ်ချက်၊ အသက်တရှူ၊ အံကြိတ်သံတွေ
ပုံမှန်ထက် ပိုယ်ကျယ်နေတယ်ပေါ့
ဒါမှမဟုတ်....
ငါ့နားတွေ ပိုကောင်းနေတာလား တိတ်ဆိတ်မှုရယ်..။


ချစ်ခြင်းနှင့် ဖွဲ့တည်မှုတစ်ခုစခဲ့သည်။ ပြည့်ဝစွာ နားမလည်နိုင်သေးသော နားလည်မှုနှင့် ကျစ်ခဲ့သည်။ ဝေဝေဝါးဝါး စိတ်တွေနှင့် ကြိုးပေါ်တွင် လမ်းလျှောက်ခဲ့သည်။ စိုးရိမ်ပူပန် လွန်လွန်းခဲ့သည်။ အကြိမ်ကြိမ် ဟန်ဆောင်မျိုသိပ်ဖူးသည်။ ခုအချိန်တွင်တော့ ထိုအရာအားလုံးကို တည်ငြိမ် ရင့်ကျက်စွာ ကျော်ဖြတ်လာနိုင်ပြီ ဖြစ်၏။ ထိုအင်အားကို ချစ်သူဆီမှ ရသည်ဟု ယုံကြည်လက်ခံချိန်တွင် နားလည်မှု ဆိုသည့် စကားကို နက်ရှိုင်းစွာ ထပ်မံ နားလည်မိတော့သည်။ ကြိုးကလေးသည် မြဲမြံခိုင်မာသော ကြိုးဖြစ်လာခဲ့ပြီ။ စွဲမြဲစွာ ယုံကြည်စိတ်ချလာသည်။ တည်ငြိမ်စွာဖြင့် တမ်းတတတ်လာသည်။ အပြန်အလှန် နားလည်မှုသည် အဓိပ္ပါယ် ပြည့်ဝလွန်းလာသည်။ ကိုယ်တိုင် အခါခါ စမ်းစစ်ရင်း အတည်ပြုမိတော့ စိတ်သည် စမ်းရေအေးလေး ဖြစ်နေခဲ့ပြီ။ ပူလောင်မှုမဲ့သော နှလုံးတစ်စုံနှင့် နားလည်ယုံကြည်စိတ်ချစွာ ချစ်တတ်လာခြင်းသည် သာယာလှပသော ပန်းတခင်း ဖြစ်ကောင်း ဖြစ်မည်။

ရန်လိုနေခဲ့သော မိုးစက်တို့သည် တုန့်ကနဲ ရပ်တန့်သွားကြသည်။ မှုန်ဝါးနေခဲ့သော မြင်ကွင်းကျယ်ကို ကြည်လင်ပြတ်သားစွာ ပြန်မြင်လာရပြီ။ နေရောင် သန်းလာတော့မည်ကို မျှော်လင့်နေသည့် စနေမနက်ခင်းသည် မခို့တရို့ ရှက်ကိုးရှက်ကန်းနှင့် ချစ်ဖို့ကောင်းလွန်းနေ၏။ ပင်လယ်သည် နေမင်းကို ဦးညွတ်ဖို့ အရှိန်ယူနေပေလိမ့်မည်။ တံတားပေါ်တွင် ပြေးလွှားနေသော ကားများကို ရှင်းလင်းစွာ လှမ်းမြင်လာရပြီ။ တံတားတိုင် အမြင့်ကြီးများမှ အချက်ပြမီးလုံးများလည်း မျက်လွှာပိတ်ကာ အိပ်စက် အနားယူကြပြီ ထင်၏။ ပင်လယ်ကွေ့ကို ဖြတ်၍ ဆောက်ထားသော တံတား၏ အရှေ့စွန်စွန်းမှ တဝက်တပျက် ကိုယ်ဟန်ပြစ ပြုလာသော နေမင်း၏ အပြုံးမှာ ခမ်းနားလှ၏။

တုန်လှုပ်မှု အလုံးစုံ၏ နောက်ကွယ်၌ ရှိနေခဲ့သော မမြင်နိုင်သည့် နားလည်ယုံကြည်မှု ခွန်အားသည် စိုးရိမ်တွေဝေမှု အားလုံးကို ကွယ်ပျောက်စေခဲ့ပြီ။ ရင်တထိတ်ထိတ်နှင့် လျှောက်လှမ်းခဲ့သော ကြိုးမျှင်ကလေးသည် သံမဏိထက် ခိုင်မာသွားခဲ့ပြီဖြစ်သည်။ နံနက်ခင်း မဆန်နိုင်ခဲ့သော စနေမနက်သည် မင်္ဂလာအပေါင်းနှင့် ထုံးဖွဲ့ထားသည့် သတို့သမီးတစ်ဦးလို ကျက်သရေရှိသော ညှို့ဓါတ်အပြည့်နှင့် လှပလွန်းနေတော့သည်...။

(ခင်လေးငယ်)

Sunday, September 27, 2009

ဆိုက်ဘာကဖေး


ဘုန်းကြီးကျောင်းကဲ့သို့

ဖိနပ်ချွတ်ဝင်ရသော ကန့်သတ်ဇုံ။
စာမေးပွဲခန်းကဲ့သို့
စောင့်ကြည့်ခံရသော စားပွဲခုံ။
ဖျော်ဖြေပွဲကဲ့သို့
ရော့(ခ်)သီချင်း ဖွင့်ထားတတ်သော ကဇာတ်ရုံ။
ရုပ်ရှင်ရုံကဲ့သို့
မီးပျက်တတ်သော အခန်းလုံ။

ကလေးငယ်များ အတွက်
ဂိမ်းကစားသော ဆူညံညံကွင်း။
လူငယ်လေးများ အတွက်
ချက်တင်ရိုက်သော နေရာထိုင်ခင်း။
ချစ်ကြင်သူများ အတွက်
လွမ်းဇာတ်ခင်းသော ထွက်ပေါက်ပြူတင်း။
အိမ်ထောင်သည်များ အတွက်
ရန်ဖြစ်ကြသော တိုက်စစ်တလင်း။

တိုးတက်စေဖို့ အတွက်
ကမ္ဘာကိုပတ်နိုင်သော အနှေးယာဉ်။
သတင်းသမားတို့ အတွက်
ရှာဖွေလုယက်နိုင်သော ဟင်းလင်းပြင်။
နိုင်ငံရေးသမားတို့ အတွက်
ကာရန်ချိန်ညှိနိုင်သော မယ်ဒလင်။
ဘလော့ဂါဆိုသူတို့ အတွက်
ကျော်ခွနေကြရသော စာအုပ်စင်။

လမ်းပျောက်သူတို့ အတွက်
ဖြတ်သန်းနေကြရသော တံတားအပိုင်း။
နားထိုင်းသူတို့ အတွက်
ခေါင်းညိတ်နေကြရသော မင်္ဂလာဆိုင်း။
ဆွံ့အသူတို့ အတွက်
ညည်းညူနေကြရသော စကားဝိုင်း။
မျက်မမြင်တို့ အတွက်
ငေးမျှော်နေကြရသော အလင်းလှိုင်း။

ခပ်တည်တည်နှင့်ပြုံးနိုင်ကြပါစေ..

(ကိုရင်နော်)

ဆိုက်ဘာကဖေးနှင့်ပတ်သက်၍ ကျွန်တော့် ထင်မြင်ချက်..

မိုးတွင်းအချိန် ဖိနပ်တွင်ဗွက်များ ပါလာနိုင်သောကြောင့် ဖိနပ်ချွတ်စေလိုလျှင် ဆိုင်၏ ဝန်ဆောင်မှုအဖြစ် အခန်းတွင်းစီးရန် ဖိနပ် စီစဉ်ထားပေးသင့်သည်။

ဆိုင်ဝန်ထမ်းများ လမ်းလျှောက်၍ လိုက်ကြည့်နေခြင်းသည် အကူအညီပေးရန်ထက် “ဘာတွေသုံးနေသလဲ” ဟု လိုက်ကြည့်နေသလို ဖြစ်နေသည်။ (အကူအညီတောင်းမှ ကူညီသင့်သည်။)


ဆိုင်အတွင်း သီချင်းကျယ်လောင်စွာ ဖွင့်ထားခြင်းသည် အသုံးပြုသူကို အနှောက်အယှက် ဖြစ်စေသည့်အပြင် လိုင်းမကောင်းခြင်းကို ပို၍ဒေါသဖြစ်စေသည်။

ကလေးငယ်များ ဆူညံစွာ ဂိမ်းကစားခြင်းသည်လည်း စကားပြောသူ၊ စာဖတ်သူကို အနှောက်အယှက် ဖြစ်စေသည်။ ဂိမ်းနှင့် အင်တာနက် နေရာ ခွဲထားသင့်သည်။

လူငယ်လေးများအနေဖြင့် ချက်တင်ထက် အကျိုးရှိနိုင်သော လေ့လာစရာများကို လေ့လာသင့်သည်။

ချစ်သူနှင့် အလွမ်းသည်သူများ ဆိုက်ဘာကဖေး ဆိုသည်ကို သတိပြုသင့်သည်။

စကားများရန်ဖြစ်တတ်ကြသော အိမ်ထောင်သည်များ တွေ့တုန်းခဏ ချစ်ချစ်ခင်ခင် နေသင့်သည်။

စိတ်ငြိမ်အေးချမ်း၍ အဆင့်အတန်းရှိသော ဆိုက်ဘာကဖေးများ ပေါများလာခြင်းဖြင့် အသုံးပြုသူတိုင်း ရွှင်လန်းချမ်းမြေ့နိုင်မည်။

ဤထင်မြင်ချက်သည် ဝန်ဆောင်မှု အရည်အသွေးပြည့်ဝသော တိတ်တိတ်ဆိတ်ဆိတ် ဆိုက်ဘာကဖေး များအား မဆိုလိုပါ။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်


(ကိုရင်နော်)

Tuesday, September 22, 2009

ယောင်တတ်ပုံယောင်ပုံဆန်း

ကျွန်ုပ်၏ အိပ်နည်းအိပ်ဟန်သရုပ်မှန် ပိုစ့်အား ဖွင့်ဟပြီးနောက်တွင် နောက်ဆက်တွဲအဖြစ် ရေးသားရန် အကြောင်းအရာတစ်ခု ရှိနေပေသေးသည်။ ဤအကြောင်းအား “ရေးလျှင် ကောင်းမည်လား၊ မရေးဘဲ နေလျှင် ကောင်းမည်လား” ဟု စဉ်းစားနေသည်မှာပင် (၁၃) ရက် တိတိ ရှိချေပြီ။ ရေးလိုက်ပါမူ ကိုယ့်ဂုဏ် ကိုယ်ဖော်၍ ကျော်မည်ကိုလည်း စိုးပါသည်။ မရေး နေပြန်လျှင်လည်း ရေးချင်ပက်ကျိ ကလိကလိ ဖြစ်နေမိသည်။ အမှန်ဆိုရလျှင် ကျွန်ုပ်သည် ဤအကြောင်းရေးရန် လွန်စွာ မဝံ့မရဲ ဖြစ်နေမိသည်။ အကြောင်းမှာ ကျွန်ုပ်၏ အိပ်ပုံဆန်းကြောင့် အံ့သြသမှု ပြုကြကုန်သော ငယ်ငယ်နုနု အပျိုချောတစ်စု တို့သည် ယခုတဖန် ကျွန်ုပ်၏ ဖြစ်ရပ်မှန် ရောဂါဆန်းကြောင့် ရှောင်လေဝေးဝေး သုတ်ခြေတင် ပြေးကြမည် စိုး၍ပင်တည်း။

ပြေးလိုကပြေးစေ။ ရေးလိုသည်တော့ ရေးရပေလိမ့်မည်။ ရေးရခြင်း၏ ရည်ရွယ်ချက် ဆိုသည်မှာလည်း ကြီးကြီးကျယ်ကျယ် ရှိနေပေသေးသည်။ အခြားမဟုတ် ကျွန်ုပ်လိုလူအား ရှောင်ရှားစေလို၍ ဖြစ်ပေသည်။ သို့ပါသောကြောင့် ဤပိုစ့်အား ဖတ်ပြီးပါလျှင် ကျွန်ုပ်အား ရှောင်ရှား၍ ကျွန်ုပ်လို လူများနှင့်လည်း ကွေကွင်းနိုင်ကြပါစေကုန်။

ကျွန်ုပ် တပ်ထားသော ခေါင်းစဉ်ကြည့်ခြင်းဖြင့်ပင် မည်သည့်အကြောင်း ရေးတော့မည်ကို ပြုံးချိချိနှင့် ခန့်မှန်းမိမည် ထင်ပါသည်။ သေချာပါသည်။ ကျွန်ုပ် မရှက်မရွံ့ ရေးတော့မည်မှာ ကျွန်ုပ်၏ ဖြစ်ရပ်မှန် “ယောင်” ပုံဆန်းများပင်။

ယောင်သည် ဆိုသောကြောင့် ခါးတို့လျှင် “ဟဲ့ ပလုတ်တုတ်” ဟု ယောင်ခြင်းမျိုး မဟုတ်ပေ။ ကျွန်ုပ် ယောင်ပုံမှာ အိပ်စက်ခြင်းနှင့်အတူ ယဉ်ယဉ်လေး ကပ်ပါလာသော အိပ်မက်ယောင်ခြင်းပင်။ သင်တို့ရော အိပ်မက်ယောင်ဘူး ကြပါသလား။ မငြင်းကြပါနှင့် မည်သူမဆို ယောင်ဘူးကြပေလိမ့်မည်။ ခပ်ရိုးရိုး ယောင်ခြင်းနှင့် ခပ်ဆန်းဆန်း ယောင်ခြင်းသာ ကွာလိမ့်မည် အနည်းနှင့်အများ ယောင်ကြသူများပင်။
“အိပ်မက်ယောင်ခြင်း ဆိုသည်မှာ” ဟူ၍ အကျယ်တဝင့် ရေးချနေလျှင် ကျွန်ုပ်၏ ပိုစ့် လိုရင်း မရောက်ပဲ ပေရှည်နေရော့မည် စိုး၍ တိုတိုတုတ်တုတ်နှင့်ပင် ဆက်ပေတော့မည်။ (ဤကားစကားချပ်)

ကျွန်ုပ်သည် မွေးကင်းစမှပင် ခပ်ယဉ်ယဉ်လေး ယောင်တတ်ခဲ့သည်ဟု သိရသည်။ အိပ်နေရာမှ နှုတ်ခမ်းလေး ကွေး၍ ပြုံးတတ်ခြင်း၊ တခါတခါ တခွိခွိ ရယ်တတ်ခြင်း၊ တခါတခါ လက်ဟန်ခြေဟန်များ ပြနေတတ်ခြင်း၊ တခါတခါ စကားပြောနေတတ်ခြင်း စသည်ဖြင့် ချစ်စဖွယ် ယောင်တတ်သည်ဆို၏။ ထူးလို့လား၊ ဆန်းလို့လား ဟု မေးရန်ရှိသော်လည်း ဤသည်မှာ မထူးဆန်းပါ။ ကလေးငယ်တိုင်း ယောင်ရိုးယောင်စဉ် မျှသာ။

ကျွန်ုပ် အသေအချာ မှတ်မိလိုက်သော ယောင်ပုံမှာ အနည်းငယ် ဆန်းသည်။ ထိုအချိန်က ကျွန်ုပ် မူလတန်းသာ ရှိသေးသည်။ ကျောင်းတွင်ဆော့၊ လမ်းတွင်ဆော့၊ အိမ်တွင်ဆော့နှင့် အလွန်မောပန်းကာ ညဥ့်ဦးယံမှာပင် အိပ်ပျော်သွားခဲ့သည်။ မည်သည့်အိပ်မက်မျိုး မက်သည် မမှတ်မိသော်လည်း အပေါ့သွားချင်စိတ် ဖြစ်လာသောကြောင့် အပေါ့သွားရန် အိပ်ရာမှ ထလာခဲ့သည် ထင်၏။ နိုးသည်လား၊ အိပ်နေသည်လား မသိနိုင်သော ခြေလှမ်းမျိုး ဖြစ်ပေလိမ့်မည်။ ကျွန်ုပ်တို့အိမ်သည် အင်္ဂလိပ်ခေတ်ကျန် ရှေးအိမ်မျိုး ဖြစ်သောကြောင့် ရေချိုးခန်းတွင်း၌ အိမ်သာပါ တွဲပါသည့်အပြင် ရေချိုးကန် (Bath Tank) ပါ ပါလိုက်သေးသည်။ ထို့နောက် ကျွန်ုပ် ဝါးတားတားဖြင့် အပေါ့သွားသည် ထင်၏။ အပေါ့သွားဖြစ်သလား၊ မသွားဘူးလား၊ တိုးလိုးတန်းလန်းလား၊ မသေချာပါ။ ထို့နောက် “ဗွမ်း” ကနဲ အသံနှင့်အတူ ဝူးဝူးဝါးဝါး ထအော်မိ၏။ ကျွန်ုပ် သတိဝင်၍ သိလိုက်သည်မှာ ကျွန်ုပ်၏ ဖခင်မှာ ကျွန်ုပ်အား ရေကန်ထဲသို့ ရက်စက်စွာ ပစ်ချလိုက်ခြင်းပင်။

အဖြစ်မှန်မှာ ကုတင်နှင့် Bath Tank မှားတက်မိ၍ ကျွန်ုပ် ရေကန်ထဲ ကျသွားခြင်းပင်တည်း။ ကံကောင်းသည်မှာ တဖက်ခန်း၌ စာဖတ်နေသော ကျွန်ုပ်၏ဖခင် အပြေးအလွှား အဆယ်မြန်၍ တော်ပေသေးသည်။ ကျွန်ုပ်သိသည်မှာ ရေမွန်းနေသော ကျွန်ုပ်အား ဖခင်ကြီးမှ ပွေ့ချီထားခြင်းဖြစ်သောကြောင့် အိပ်နေသော ကျွန်ုပ်အား ဖခင်ကြီးမှ ရေကန်တွင်း ပစ်ချခြင်းသာ ဖြစ်သည်ဟူ၏။ ထို့နောက် ကျွန်ုပ် ဝမ်းနည်းစွာ ငို၍ ဖခင်ကြီးအား ရက်စက်သည်ဟူ၍သာ ထင်နေတော့၏။ ဤသည်မှာ ကျွန်ုပ်၏ ယောက်ပုံဆန်း တစ်ခုပင်။

အသေးအမွှား ပညာမပါသော ယောင်ပုံများ ရှိသေးသော်လည်း အသေအချာ မမှတ်မိပေ။ စိတ်တွင်းထင်ထင် မှတ်မိနေသော နောက်ထပ် ယောင်ပုံတစ်ခုမှာ ဆန်းပြန်၏။ ထိုအချိန်က ကျွန်ုပ် ငါးတန်း ဖြစ်မည်ထင်သည်။ တစ်ရက်တွင် ကျွန်ုပ်၏ ကစားဖော် ညီဝမ်းကွဲတစ်ယောက်သည် အိမ်ပြန်ရန် မိုးချုပ်သွားသဖြင့် ကျွန်ုပ်တို့အိမ်တွင် အိပ်သည်။ ကျွန်ုပ်တို့ ညီအစ်ကို နှစ်ယောက် မျက်နှာခြင်းဆိုင် စကားပြောရင်း တစ်ယောက်ကို တစ်ယောက် ခွကာ အိပ်ပျော်သွားသည် ထင်၏။ ထို့နောက် ရေအလွန် ဆာလာသဖြင့် ရေခွက်ကို လက်ကိုင်ကွင်းမှ ကိုင်ကာ ရေသောက်သည် ဟူ၏။ ညီဝမ်းကွဲ၏ ကြောက်အားလန့်အား အော်ဟစ်သံနှင့်အတူ ကျွန်ုပ်၏ ရင်ဘတ်အား ဆောင်တွန်းခံရသည်တွင် ကျွန်ုပ် လန့်နိုးလာခဲ့သည်။ ဖြစ်ပုံမှာ ညီဖြစ်သူ၏ နှာခေါင်းအား ရေခွက် လက်ကိုင်းကွင်း အမှတ်ဖြင့် ကိုင်ကာ သူ့နှုတ်ခမ်းအား ရေသောက်ရန် ကြံမိခြင်းပင်။ သူပြန်ပြောပြသည်မှာ သူ့နှာခေါင်းနာလွန်း၍ နိုးသွားသည်တွင် ကျွန်ုပ်သည် မျက်စိကြီးမှိတ်လျှက် နှုတ်ခမ်းကြီးစူကာ သူ့နှုတ်ခမ်းနား ကပ်လာပုံမှာ အသည်းယားစရာကြီး၊ ထိတ်လန့်စရာကြီးပင် ဟူ၏။ ဤသည်မှာလည်း အတော်ပင် အန္တရာယ်များသည့် ကျွန်ုပ်၏ ယောင်ပုံဆန်းပင်။

ကျွန်ုပ် လူပျိုပေါက် ရောက်ချိန်တွင်လည်း အမျိုးမျိုး ယောင်ပုံဆန်းများ ယောင်ခဲ့သေးသည်။ ထိုထဲတွင်မှ လွန်စွာ အရုပ်ဆိုး၍ ကြီးစွာသော အရှက်ကွဲခဲ့ ရသည့် ယောင်ပုံကြီးမှာတော့ ကျွန်ုပ်တစ်သက် မေ့၍ရမည် မထင်တော့ပေ။ ထိုအချိန်က ကျွန်ုပ် တက္ကသိုလ်ကျောင်းသားကြီးပင် ဖြစ်၍နေလေပြီ။ တစ်ရက်တွင် ကျွန်ုပ်သည် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွါလာသော အဝေးပြေးမှန်လုံ အမြန်ယာဉ်ကြီးနှင့် လိုက်ပါလာခဲ့သည်။ ကျွန်ုပ်မှာ လွတ်လပ်စွာ ခရီးထွက်ရသည် ဖြစ်သောကြောင့် အလွန်စတိုင်ကျစွာ ဝတ်စား၍ ဂိုက်ပေးကြမ်းလာခဲ့သည်။ ခရီးတော်တော် ဝေးဝေး ရောက်သည်တွင် ခရီးသည်များ အလျှိုလျှို အိပ်ကုန်ကြသော်လည်း ကျွန်ုပ်မှာ မအိပ်နိုင်ပဲ တောင်ငေး၊ မြောက်ငေးနှင့်။ ညဥ့်အလွန်နက်ချိန်တွင် တိတ်ဆိတ် အေးစက်နေသော ယာဉ်ကြီး၏ ငြိမ့်ညောင်းမှုကြောင့် ကျွန်ုပ်သည်လည်း မည်သို့ မည်ပုံ အိပ်ပျော်သွားသည် မသိခဲ့ပေ။ မည်သည့် အိပ်မက်မျိုး မက်သည်ကိုလည်း မမှတ်မိပေ။ ကျွန်ုပ် သိလိုက်သည်မှာ ကျွန်ုပ်၏ ဦးခေါင်းအား တစ်စုံတစ်ယောက်မှ တင်းပုတ်ကြီးဖြင့် ရိုက်လိုက်သည်ကိုပင်။ ထို့နောက်....

((((အားးးးးးး...)))).. ဟု ကယောင်ချောက်ချား ကျယ်လောင်စွာအော်၍ လက်နှစ်ဖက်ဖြင့် ခေါင်းကိုဖိကာ ကျွန်ုပ် မှတ်တပ်ရပ်မိလျှက်သား ဖြစ်နေသည်။ ကားတွင်းမီးများ ပွင့်လာကာ ကားသည်လည်း လမ်းဘေးတွင် ထိုးရပ်သွားသည်။ အလွန်အိပ်မောကျနေကြသော ခရီးသည်များသည်လည်း လန့်ကာ၊ ဖြန့်ကာနှင့် နိုးထကာ ကျွန်ုပ်အား စိုးရိမ်တကြီး ဝိုင်း၍ ကြည့်နေကြသည်။ ကျွန်ုပ်ဘေးမှလူနှင့် ရှေ့ခုံ၊ နောက်ခုံမှ ခရီးသည်တို့ ကျွန်ုပ် လက်အားဖယ်၍ ကျွန်ုပ်ဦးခေါင်းအား သန်းရှာသကဲ့သို့ ဝိုင်းရှာကြလေသည်။ ဘာမှမတွေ့။ ဘာဒဏ်ရာမှမရှိ။ “ဘာဖြစ်တာလဲ” ဟူသော အမေးများအား “တင်းပုတ်နဲ့ ရိုက်ခံရလို့” ဟု ယောင်၍ ဖြေလိုက်မိသည်တွင်...။

ကားတစ်စီးလုံး တဝါးဝါး၊ တဟားဟားနှင့် ပွဲကျသွားသည်။ တချို့လည်း မြည်တွန်တောက်တီးကြသည်။ ကျွန်ုပ် ယောင်ယမ်း၍ ခေါင်းအားပွတ်ကာ ပြန်ထိုင်နေလိုက်သည်။ ကျွန်ုပ်၏ မျက်နှာ ရှက်သွေးဖြာနေသည်မှာ မွန်းတည့်နေသော နေမင်း၏ အနီရောင် ပူပြင်းပြင်းကြီး ကဲ့သို့ပင်။ တစ်ခုံကျော်မှ ခပ်ချောချော ကောင်မလေး၏ “ခိ..” ကနဲ ရယ်သံသည် ကျွန်ုပ်အား ကားပေါ်မှ ခုန်ချချင်စိတ်ပင် ပေါက်လာစေခဲ့သည်။ အမှန်မှာ ကျွန်ုပ် ငိုက်ရင်း ဂျိုစောင်းနှင့် ကားဘေးမှန် အသာအယာ ဆောင့်မိလိုက်ခြင်းသာ။ မှတ်မှတ်ရရ ထိုမျှအရှက်ကွဲခြင်းမျိုး မကြုံခဲ့ဖူးချေ။ ဤယောင်ပုံဆန်းအား ရှက်ဖွယ်အတိနှင့်ပင် ဖွင့်ဟပြလိုက်ပါသည်။

တစ်ခါတွင်လည်း မိတ်ဆွေတစ်ဦးနှင့် နယ်စပ်မြို့ တစ်မြို့သို့ အတူသွားဖြစ်သည်။ တည်းခိုခန်းခ စရိတ်သက်သာစေရန် နှစ်ယောက်ခန်း တစ်ခန်းသာ ယူလိုက်ကြသည်။ ညအိပ်ယာဝင်ချိန်၌ အနှီမိတ်ဆွေမှ ၎င်းသည် အိပ်မက် ယောင်တတ်ကြောင်း၊ အကယ်၍ သရဲစီးသကဲ့သို့ အသက်ရှူကြပ်နေသည်မျိုး မြင်ပါက ၎င်းအား နိုးရန် မှာလေသည်။ ကျွန်ုပ်လည်း စိတ်တွင်းမှ ကျိတ်ပြုံးကာ “ဟုတ်ကဲ့” ဟုသာ ပြောလိုက်သည်။ ကျွန်ုပ်၏ ယောင်တတ်ပုံအား အနှီပုဂ္ဂိုလ်သိမည်ကိုတော့ စိုးနေမိပြန်သည်။ သို့သော်ငြားလည်း ထိုတစ်ည ရှောင်လွှဲ၍ မရခဲ့ပါ။ လွန်စွာ ထူးဆန်းသော အသံများဖြင့် ကျွန်ုပ်တို့ နှစ်ဦး အယောင်ပြိုင်ကြတော့သည်။ အခန်းတွင်း၌ သရဲသည်လည်း နှစ်ကောင်ရှိသည်ထင်ရ၏။ သူ့ဖိ၊ ကိုယ့်ဖိနှင့်။ ကျွန်ုပ်မောလျှင် ဒင်းအော်၏။ ဒင်းမောလျှင် ကျွန်ုပ် အော်ပြန်၏။ ထိုတစ်ည ကျွန်ုပ်တို့ နှစ်ဦး အော်လိုက်ကြပုံများ ရန်ဖြစ်နေသည် အမှတ်နှင့် အခြားအခန်းများ ထကြည့်ရသည့် အထိပင်။ ကျွန်ုပ်သည် ဒင်းထက် အသံပိုကျယ်၍ ပိုလည်း အော်နိုင်သည်ကို အသေအချာ သိလိုက်ရလေတော့သည်။ နံနက်ရောက်လျှင် ကျွန်ုပ်အား အံ့သြဝမ်းသာဟန်ဖြင့် ကြည့်နေသော အနှီမိတ်ဆွေအား “မင်းလောက်ကတော့ကွာ” ဆိုသော အကြည့်ဖြင့် ပြန်ကြည့်ပစ်လိုက်သည်။ အချိန်အကြာကြီးတော့ဖြင့် ဂုဏ်မယူနိုင်ခဲ့ပါ အကြောင်းမှာ ကျွန်ုပ်တို့ နှစ်ဦးအား တည်းခိုခန်းမှ အမြန်ထွက်ရန် မောင်းထုတ်လေသည်။ သို့ဖြစ်၍ ယောင်သူနှစ်ဦး ယောင်ချာချာ ဖြစ်ရလေတော့သည်။ ဤသည်မှာလည်း ပြိုင်ဘက်ပေါ်တွင် အနိုင်ရခဲ့သော အယောင်ပြိုင်ပွဲပင်။

ယောင်ခြင်းသည် ကျွန်ုပ်အတွက် အထူးအဆန်း မဖြစ်တော့ပေ။ နေသားပင်ကျနေပေပြီ။ ကျွန်ုပ်သည် မဟုတ်တာ လုပ်သူမျိုး မဟုတ်သောကြောင့် စိုရိမ်ရန်လည်း မလိုပေ။ မဟုတ်တာလုပ်သူများ အတွက်တော့ဖြင့် ကျွဲခိုးပေါ်ကိန်းရှိသည်။ ထိုသို့ ယောင်ပုံဆန်းများအပြင် ထမင်းစားရေသောက်သကဲ့သို့ ယောင်တတ်သည်များမှာ အိပ်နေရင်းဖြင့် သီချင်း အော်ဆိုတတ်ခြင်း၊ လမ်းထလျှောက်တတ်ခြင်း၊ ဝရန်တာတွင် ထွက်ရပ်ခြင်း၊ စကားထပြောတတ်ခြင်း၊ အိမ်စာများ ထလုပ်တတ်ခြင်း၊ ဧည့်ခန်းတွင် ထွက်ထိုင်နေတတ်ခြင်း၊ ဖုန်းဆက်တတ်ခြင်း၊ အဖြစ်အများဆုံးမှာ ကွန်ပျူတာဖွင့်၍ စာများရိုက်တတ်ခြင်းပင်။ စသည်တို့အား သူငယ်ချင်းများ ပြန်ပြော၍ တစ်မျိုး၊ ကိုယ့်ဖာသာ ပြန်စဉ်းစားမိ၍ တစ်ဖုံ ပြန်ပြန် သိနေရသည်။ သေချာသည်မှာ ကျွန်ုပ် ယောင်ချာချာနှင့် ယောင်တိယောင်တောင် ယောင်ခြောက်ဆယ် ဖြစ်နေခဲ့ပါပြီ။

ကျွန်ုပ်၏ လျှို့ဝှက်ဆန်းကြယ် ယောင်တတ်ပုံ ယောင်ပုံဆန်းများအား သိရှိပြီးသကာလ ချစ်စွာသော မိတ်ဆွေများသည် ကျွန်ုပ်အတွက် စိုးရိမ်ကြီးစွာ တွေးတောပူပန်ကြမည်မှာ အမှန်ပင် ဖြစ်ပေသည်။ ကျွန်ုပ်လိုလူသည် လွန်စွာ စိတ္တဇဆန်သည်ကိုလည်း သိရှိကြပါမည်။ သို့သော်ငြားလည်း စိတ်မပူကြပါနှင့် ကျွန်ုပ် တစ်ကိုယ်တည်း နေထိုင်သော (၁၉) ထပ်မြင့်တိုက်ခန်း၏ အခန်းဝရန်တာတွင် အိပ်မက်ယောင်၍ အကြိမ်ကြိမ် ထွက်ရပ်ဖူးပါသည်။ သို့သော် တစ်ခါမှ ယောင်၍ ခုန်မချမိခဲ့ချေ။ သို့ဆိုပါမူ ကျွန်ုပ်သည် ယောင်ပါးဝနေသော အယောင်ပါးဟု ယူ၍ရပေသည်။ တနည်းပြန်ကြည့်သော် ယောင်ချင်ယောင်ဆူး၍ ရူးချင်ယောင် ဆောင်နေသည် ဟု မှတ်လျှင်လည်း ရပေသည်။

အမှန်စစ်စစ် သေချာသည်မှာ ကျွန်ုပ်အပါအဝင် သင်တို့အားလုံးသည်လည်း မာယာများသော ဤလောကကြီးအတွင်း၌ အိပ်ချင်မူးတူးဖြင့် ကယောင်ကတမ်း သွားလာနေထိုင်ကြသော ရူးချင်ယောင်ဆောင်နေသူများပင် ဖြစ်ပေတော့သည်။

(ကိုရင်နော်)

စာကြွင်း။ ။ အလွန်ဆန်းပြား၍ အံ့ဘွယ်အတိပြီးသော ယောင်ပုံဆန်း တစ်ခု ရှိနေသေးသည်။ (မပြောလိုပါ.. မပြောလိုပါ)

Wednesday, September 9, 2009

အိပ်နည်းအိပ်ဟန်သရုပ်မှန်

တစ်ညသ၌ ကျွန်ုပ်သည် ကုတင်ပေါ် ဆန့်ဆန့်ကြီး လဲလျောင်းလျှက် အိပ်စက်ရန် အလို့ငှာ ဈာန်သွင်းနေသည်မှာ အလောင်းကောင်ကြီးကဲ့သို့ အေးစက် ငြိမ်သက်လျှက်။ ထိုသို့ ခန္ဓာက တောင့်တောင့်ကြီး ငြိမ်သက်နေသော်လည်း အတွေးတို့သည် တောင်ရောက်၊ မြောက်ရောက်နှင့် ရောက်တတ်ရာရာ တွေးနေမိသည်။ လောကကြီးအကြောင်း၊ သဘာဝတရားကြီးအကြောင်း၊ အတိတ်အကြောင်း၊ အနာဂတ်အကြောင်း၊ သေခြင်းတရားအကြောင်း စသည်ဖြင့် အကြောင်းကြောင်းများအားတွေးလျှက် နောက်ဆုံး မည်သည့်အကြောင်း တွေးလျှင်ကောင်းမည်နည်း ဟု ပြန်တွေးနေမိသည်။

တွေးမိတွေးရာ တွေးနေရာမှ ခန္ဓာဆန့်ဆန့်ကြီးလည်း အလွန် ညောင်းကိုက်လာသောကြောင့် ဘယ်ခြေကို ဆန့်မြဲဆန့်ရင်း ညာခြေကို အသာကွေးကာ ဘယ်ဘက်သို့ လည့်အိပ်လိုက်သည်။ လက်နှစ်ဖက်မှာလည်း တစ်ဖက်ကွေး တစ်ဖက်ဆန့် အနေအထားပင် ဖြစ်သည်။ အိပ်ချင်စိတ် ပျောက်နေသော မျက်လုံးအစုံကို ပျင်းရိစွာ ဖွင့်ကြည့်မိသည်တွင် ကျွန်ုပ်၏ ဘေးကုတင်၌ အိပ်စက်နေသော အခန်းဖော် ရောင်းရင်း၏ ဆန်းပြားသော အိပ်စက်ပုံမှာ အမြင်ထဲ ကန့်လန့်ဖြတ် ဝင်လာလေသည်။

ထိုပုဂ္ဂိုလ်၏ အိပ်စက်ပုံအား နေ့စဉ်ညတိုင်း မြင်နေကျဖြစ်သော်လည်း မည်သည့်အခါကမှ အသေအချာ အမူထား မကြည့်ခဲ့ချေ။ ယနေ့ည မြင်တွေ့နေပုံမှာ ကျွန်ုပ်အား ပြုံးမိစေသလို တွေးစရာများလည်း အလုံးအရင်းပင် ဝင်ရောက်လာတော့သည်။

အိပ်စက်ခြင်းဆိုသည်မှာ ခန္ဓာအိပ်စက်ခြင်းလား..! စိတ်အိပ်စက်လား..! လူတို့ အိပ်စက်ခြင်းသည် ခဏတာ သေဆုံးခြင်းလား..! သို့တည်းမဟုတ် သေဆုံးရန်အတွက် လေ့ကျင့် ပြင်ဆင်နေခြင်းလား..!

အနှီပုဂ္ဂိုလ် အိပ်စက်ပုံအား အသေအချာ ဖော်ပြရလျှင် ပက်လက်အနေအထား တမေ့တမော အိပ်နေခြင်းဖြစ်သည်။ ဘယ်ဘက်ဒူးခေါင်းအား ခပ်မတ်မတ် ထောင်ကာ ထိုထောင်ထားသော ဒူးပေါ်တွင် ညာခြေအား ကွေး၍ ပြန်ချိတ်ထားသည်။ ခြေဖဝါး ပြားပြားကြီးသည် မျက်နှာနှင့် တည့်တည့်ထောင်ထားသလို ဖြစ်သောကြောင့် မှန်ကြည့်နေသည်နှင့်ပင် တူနေသည်။ စွပ်ကျယ် တပိုင်းတစ်စ လိပ်တက်နေသောကြောင့် ဗိုက်ပူပူနှင့် ချက်စူစူအား မြင်နေရသည်။ ညာဘက်လက်အား ကခြေသည် ကဟန် ကွေး၍ ခေါင်းပေါ်တင်ထားသောကြောင့် ချိုင်းကြားမှ မဟူရာမွေးမှင်များအားလည်း မြင်နေရသည်။ ပါးဖောင်းဖောင်း၏ လေမှုတ်အထုတ်တွင် စူပွက်ပွက် ဖြစ်သွားသော နှုတ်ခမ်းထောင့်၌ သွားရည် အနည်းငယ် စီးဆင်းနေသည်။ တချက်တချက် စကားပြောသလို၊ အစာစားသလို၊ ပြုံးသလို လုပ်သေးသည်။ ထောင်ချိတ် ချိတ်ထားသော ဒူးနှင့်ခြေဖဝါးမှာလည်း လေတိုက်၍ ယိမ်းနွဲ့သလို ဘယ်ယိမ်း ညာယိမ်း ယိမ်းနေပြန်သည်။ ထို့ကြောင့် ကျွန်ုပ်မှာ တခွိခွိ ရယ်မိမတတ် ပြုံးရင်း ဤပုဂ္ဂိုလ်သည် စိတ်အိပ်စက်ခြင်း မဖြစ်နိုင်.. ခန္ဓာ အိပ်စက်ခြင်းသာ ဖြစ်သည် ဟူ၍လည်းကောင်း၊ ခန္ဓာ အိပ်စက်ခြင်း မဟုတ် စိတ်အိပ်စက်ခြင်းသာ ဖြစ်သည် ဟူ၍လည်းကောင်း တစ်ကိုယ်တည်း အပြန်အလှန် အငြင်းပွားနေမိသည်။

ထိုသို့သော အိပ်ပုံဆန်းအား ဆက်ကြည့်နေလျှင် ရယ်ချင်ပက်ကျိနှင့် မျက်လုံးပိုကျယ်တော့မည် စိုးသောကြာင့် စောင်းအိပ်နေသော ကိုယ်ကို ၃၆၀ ဒီဂရီ တစ်ပတ်လည့်၍ မှောက်လျက် အနေအထားသို့ ပြောင်းလိုက်သည်။ ခေါင်းအုံးပေါ်တွင် ပါးတစ်ခြမ်းကပ်ကာ လက်တစ်ဖက်ကို ခေါင်းအုံးအောက် လျှိုထည့်၍ ကျန်လက်တစ်ဖက်ကို ကုတင်အောက် တန်းလန်း ချထားလိုက်သည်။ ညာခြေကို မတ်နေအောင် ဆန့်တန်း၍ ဘယ်ခြေကို ချွန်နေအောင် ကွေးထားသောကြောင့် ကိုယ်အောက်ပိုင်းသည် အင်္ဂလိပ် ဂဏန်း နံပါတ် 4 နှင့် တူနေသည်။

ထို့နောက် အိပ်စက်ပုံအကြောင်း ဆက်တွေးနေရာမှ ကျွန်ုပ်၏ ချစ်လှစွာသော မိဘနှစ်ပါး၏ အိပ်စက်ပုံများအား သတိရ မြင်ယောင်လာသည်။ ကျွန်ုပ် ကလေးအရွယ်က မိဘနှစ်ပါးကြားတွင် အိပ်စက်ခဲ့ရသလို အတန်ငယ် ကြီးလာတော့လည်း ညရေးညတာ ထိုအခန်းတွင်း ရေချိုးခန်းသို့သာ အပေါ့အပါးသွားသဖြင့် ဖခင်မိခင်တို့၏ အိပ်ဟန်မှာ စိတ်တွင်း၌ အမှတ်ထင်ထင်ရှိနေသည်။

ဖခင်ကြီး၏ အိပ်စက်ပုံမှာ လွန်စွာ ကဗျာဆန်၍ လွန်စွာလည်း ပျော့ပျောင်းလှသည်။ အမှတ်တမဲ့ကြည့်လျှင် ဖယောင်းရုပ် ကွေးကွေးလေးအား ကုတင်ပေါ်အသာ တင်ထားသလိုပင်။ ဖခင်ကြီးသည် ညာဘက်သို့ မျက်နှာမှု၍ အိပ်တတ်သည်။ ဒူးနှစ်ဖက်ကို ညီညာစွာ ခပ်ပျော့ပျော့ ကွေးထားတတ်သည်။ ဒူးကိုကွေး၍ ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းထားသောကြောင့် တင်ပါးမှာ အတန်ငယ် ကောက်ချိတ်နေသည်။ ညာဘက်လက်အားကွေး၍ ခေါင်းအုံးအောက် ထိုးထည့်ကာ လက်နှင့်ခေါင်းအုံး ရောအုံးထားသည်။ ထူးဆန်းသည်မှာ ဘယ်ဘက် လက်ဝါးအား နားရွက်ပေါ်ဖုံးပိတ်၍ အိပ်တတ်ခြင်းပင်။ မည်သည့်အသံမှ မကြားလိုဟန်ဖြင့် ငြိမ်သက်စွာ အိပ်တတ်သည်။ ပို၍ ထူးဆန်းသည်မှာ ပြုံးစိ ပြုံးစိနှင့် အိပ်တတ်သောကြောင့် အိပ်ဟန်ဆောင်နေသည်ဟုပင် အထင်မှားမိသည်။ ဤသို့နှယ် ဖခင်ကြီး၏ အိပ်နည်းအိပ်ဟန်မှာ ချစ်စရာကောင်းနေပြန်သည်။

ကျွန်ုပ် ချစ်လှစွာသော မိခင်ကြီး၏ အိပ်စက်ပုံမှာ ဖခင်ကြီးကဲ့သို့ ကဗျာမဆန်ပဲ အနည်းငယ် မာထန်ထန် မာနကြီးဟန် ပေါက်နေသည်။ မိခင်ကြီးသည် ဖြူဖြူဖွေးဖွေး၊ ထောင်ထောင်မောင်းမောင်း၊ ချောချောလှလှ၊ ခန့်ခန့်ဝဝကြီး ဖြစ်သည်။ ပြုံးရွှင်စွာနေတတ်သလို မာန်မာနကင်းသူဖြစ်သည်။ သူတပါအားလည်း သနားကြင်နာ ကူညီတတ်သောကြောင့် လူချစ်လူခင်လည်း အလွန်များလှသည်။ သို့ပေသော်လည်း အိပ်ပျော်နေချိန်၌ အဘယ်အတွက်ကြောင့် မာန်မာနကြီးဟန် ပေါက်နေပါသနည်း။ စဉ်းစားစရာပင်။

မိခင်ကြီး၏ အိပ်စက်ပုံမှာ ပက်လက်အနေအထားဖြစ်သည်။ လက်သီးနှစ်ဖက်အား ကျစ်ကျစ်ဆုပ်၍ ခါးနှစ်ဖက်ကို ထောက်ထားသည်။ သဏ္ဌာန်မှာ သူတပါးအား ရန်တွေ့နေပုံမျိုးဖြစ်သည်။ ခေါင်းကို မော့၍ အိပ်တတ်သည်။ မျက်မှောင်ကုတ်၍ ပါးစပ်ကို ဟထားတတ်သည်။ အံ့ဖွယ်မှာ အလွန်ကျယ်လောင်စွာ ဟောက်တတ်ခြင်းပင်။ အသက်ကို “ခလော” ကနဲ မြည်အောင် ခပ်ဝဝတစ်ချက် ရှူလိုက်ပြီးလျှင် မိနစ်ဝက်ခန့် အသက်အောင့်၍ ငြိမ်နေတတ်သည်။ ပြီးလျှင် “ခလူးးးးးးးးးး” ကနဲ မြည်အောင် အားရပါးရ မှုတ်ထုတ် ပြန်သည်။ အလွန်အိပ်မောကျသွားပါက “ခလူးးးခလော ခလောခလူးးးး” နှင့် မီးရထားစက်ခေါင်းကြီး အရှိန်မြင့်လာသလိုပင်။ အသို့ကြောင့်ပင်လျှင် ချစ်လှစွာသော ဖခင်ကြီးခမျာ နားကိုပိတ်၍ ကျိတ်မှိတ် အိပ်နေရခြင်းပေတည်း။ ဤသည်ကိုပင် ဖခင်ကြီးခမျာ “ဟောက်သံမကြားက အိပ်၍မပျော်တော့” ဟု မိခင်ကြီး အချစ်ပိုစေရန် ပြောတတ်သေးသည်။
ဖခင်ကြီး၏ အချစ်ကြီးခြင်းနှင့် ဘာမဆို သည်းခံတတ်ခြင်းအား ကျွန်ုပ် အမွေ ရထားပေသည်။ (ဤကားစကားချပ်)

မိဘနှစ်ပါးအကြောင်းတွေးမိ၍ အိမ်သို့ သတိရစိတ် ဖြစ်ပေါ်ကာ သက်ပြင်းကို “ဖလူးးးးးး” ကနဲ မှုတ်ထုတ်လိုက်သည်။ အခန်းတွင်းဖွင့်ထားသော လေအေးစက်သည် ညနက်လာသည်နှင့်အမျှ အအေးဓါတ်သည်လည်း ပို၍တိုးလာသည်။ ထို့ကြောင့်ပင်လျှင် မှောက်လျက်အနေအထားမှ ၁၈၀ ဒီဂရီ လည့်ကာ ဒူးနှစ်ဖက်အား ပူး၍ ခါးအား အနည်းငယ် ကိုင်းကာ ကွေးထားလိုက်သည်။ လက်နှစ်ဖက်အားလည်း လက်အုပ်ချီသဏ္ဌာန် လက်ဝါးချင်းကပ်လျက် ကွေးထားသော ဒူးနှစ်လုံးကြားမှတစ်ဆင့် ပေါင်နှစ်လုံးကြား ကန့်လန့်ဖြတ် ထိုးသွင်းထားလိုက်သည်။ လက်ဝါးနှစ်ဖက် ပူးကပ်ထားသည်မှာ သစ်ခုတ်သမား၏ အသွားထက်ထက် ရဲတင်းကြီးနှင့် တူနေပေသည်။

အတွေးတို့သည် အရှိန်ရစွာဖြင့် ဆက်တွေးလာခဲ့သည်မှာ အဆောင်နေကျောင်းသားဘဝမှ သူငယ်ချင်းများ၏ အိပ်စက်ပုံများသို့ ရောက်သွားကာ တကိုယ်တည်း ပြုံးနေမိပြန်သည်။ အနှီသူငယ်ချင်းတို့ အိပ်ပုံမှာ လွတ်လပ်ပွင့်လင်းကြ၏။ တချို့ ဒူးတစ်ဖက်ထောင်၍ အိပ်သည်။ တချို့ နှစ်ဖက်ထောင်၍ အိပ်သည်။ တချို့ ပေါင်ကား၍ အိပ်သည်။ တချို့ Rapper စတိုင် မ၍အိပ်သည်။ တချို့ ဇတ်မင်းသား ကဟန်ဖြင့် အိပ်သည်။ တချို့ ခေါင်းအုံးခွ အိပ်သည်။ တချို့ ရေသန့်ဗူး ခွအိပ်သည်။ တချို့ ဟောက်၍ အိပ်သည်။ တချို့ သွားကြိတ်၍ အိပ်သည်။ တချို့ ဘောင်းဘီဝတ်၍ သပ်သပ်ရပ်ရပ် အိပ်သည်။ တချို့ ဟို့လို့ဟောင်းလောင်း အိပ်သည်။ တချို့ ပုဆိုးလည်ပင်းသိုင်းရင်း ဟာလာဟင်းလင်း လေညင်းခံသည်။ ထိုသို့နှယ် မမြင်ချင်အဆုံး ကိုးရိုးကားရား အိပ်ဟန်အသွယ်သွယ်ပင်။ ထိုသူတို့အား သားရေကွင်းဖြင့် ပစ်ဖူးသည်။ ထုံးကွင်းဖူးသည်။ ဘောပင်ဖြင့် နှုတ်ခမ်းမွေးဆွဲဖူးသည်။ မီးရှို့ရန်ပင် ကြံစည်ခဲ့ဖူးသည်။ ကျွန်ုပ်မှာ ဤသို့ ပေါက်တတ်ကရ ဗရုတ်ကျ စနောက်တတ်သူပင်။ ထိုအချိန်က ဘလော့ဂါခေတ် မဟုတ်သေးသည်မှာ ဒင်းတို့ အတော် ကံကောင်းပေသည်။

အနှီသူငယ်ချင်းများ၏ အိပ်ပုံများအား ပြန်လည်မြင်ယောင်ရင်း အိပ်စက်ခြင်းသည် စိတ်လွတ်ကိုယ်လွတ်ဖြင့် လောကကြီးနှင့် တဒင်္ဂ အဆက်အသွယ် ပြတ်သွားခြင်း ဖြစ်သည်ဟုလည်း ခပ်ရေးရေး ကောက်ချက်ချမိလာသည်။

ထို့နောက် အတန်ငယ် ချွေးစို့လာသဖြင့် ပက်လက် လှန်လိုက်ပြန်သည်။ ခြေနှစ်ဖက်ကို အီကြာကွေးကဲ့သို့ ပူးကပ်ရင်း ခြေအဖျားအား မုန့်ကြိုးလိမ်ကဲ့သို့ အနည်းငယ် လိမ်ချိတ်ထားလိုက်သည်။ လက်နှစ်ဖက်ကိုမူ အကြော်သည် မုန့်ဗန်းရွက်သကဲ့သို့ အပြားလိုက် ခေါင်းပေါ်တင်ထားလိုက်သည်။ ထိုအချိန်တွင် ကျွန်ုပ်၏ အတွေးပုံရိပ်၌ ပုံပေါ်လာသည်မှာ ကျွန်ုပ်၏ ချစ်လှစွာသော၏ ချစ်စရာကောင်းသော အိပ်စက်ပုံပင်။
သူလေး၏ ချစ်စရာကောင်းသော အိပ်စက်ပုံအား စာလေးမည် စိုး၍ သို့တည်းမဟုတ် ကျွန်ုပ် ရင်ဘတ်ကြီး လေးလာမည်စိုး၍ ဖော်ပြခြင်း မပြုတော့ပါ။ (ဤကားစကားချပ်)

ထိုသို့ အိပ်စက်ခြင်းအကြောင်းနှင့် အိပ်နည်းအိပ်ဟန်များအား တွေးတော မြင်ယောင်ကာ ကျွန်ုပ်သည်လည်း မည်သို့ မည်ပုံ အိပ်စက်သနည်း။ ကျွန်ုပ်အိပ်သော စတိုင်ရှိလိမ့်မည်။ ကျွန်ုပ်၏ အိပ်ဟန်သည် မည်သို့နည်း။ သိချင်စိတ် လွန်စွာ ပြင်းပြလာသည်။ အဖေတူသား ဖြစ်သောကြောင့် ဖခင်ကြီးလို ကဗျာဆန်ဆန် အိပ်တတ်သလား။ အမေနှင့်လည်း တူပြန်သောကြောင့် အမေ့လိုများ ဟိတ်ဟန်ကြီးနှင့် အိပ်တတ်သလား။ သို့မဟုတ် သူငယ်ချင်းများလို လန်ပျံနေအောင် အိပ်တတ်သလား။ ဒါတော့ မဖြစ်နိုင်ပေ။ ကျွန်ုပ်မှာ အလွန် အရှက်ကြီးသူ ဖြစ်သောကြောင့် ဖုံးရုံတင်မက ဖိ၍ပါ နေတတ်သောကြောင့်ပင်။ ဆိုလိုသည်မှာ ဖုံးဖုံးဖိဖိနှင့် အနေအထိုင် သေသပ်ပိရိသောကြောင့် အအိပ်ပက်စက်သူတစ်ယောက် မဖြစ်နိုင်ပေ။

ကျွန်ုပ် တွေးနေရာမှ ငေါက်ကနဲ ထထိုင်လိုက်သည်။ ပေါက်ကရလုပ်ရာတွင် အလွန်အကြံကောင်း တတ်သောကြောင့် အားရပါးရ ပြုံးလိုက်သည်။ ထို့နောက် လက်ဖျောက်တစ်ချက်တီး၍ “ဟုတ်ပြီ” ဆိုသော ပုံစံဖြင့် ဗီရိုကိုဖွင့်၍ ဗီဒီယို ကင်မရာကို ဆွဲထုတ်လိုက်သည်။ ကင်မရာကြီးအား ခြေရင်းဘက် စားပွဲပေါ်တွင် အသေအချာတင်ကာ ကျွန်ုပ်၏ ကုတင်အား ချိန်ထားလိုက်သည်။ ထို့နောက် ပြုံးဖီးဖီးကြီးနှင့် ကင်မရာ ခလုပ်အား “ထောက်” ကနဲ နှိပ်ချလိုက်တော့သည်။

ညဝတ်အိပ် ဘောင်းဘီနှင့် အင်္ကျီ၏ အတွန့်အကြေများအား သပ်ရပ်သွားစေရန် အနည်းငယ် ဆွဲဆန့်၍ အလှဆုံးအိပ်ရန် ပြင်ဆင်လိုက်သည်။ ကင်မရာကြီးသည် ကျွန်ုပ်အား ကြည့်နေသည်ဟု ခံစားလာရကာ စိတ်တွင် မလုံမလဲနှင့် ရှက်စိတ်ပင်ဖြစ်လာမိသည်။ ကျွန်ုပ်၏ အိပ်စက်ပုံ မလှပမည်ကိုလည်း စိုးရိမ်နေမိသည်။ စိတ်တွင်း၌လည်း ပက်လက်အနေအထားသည် ပို၍ အနေရခက်သလို ခံစားလာရသဖြင့် တပတ်လည့်ရင်း ခေါင်းအုံးကို မျက်နှာအပ်ကာ မှောက်လျက်ဖက်ထားလိုက်သည်။ ထို့နောက် အတွေးများ ဖြတ်ကာ စိတ်ကို ဒုန်းဒုန်းချ အိပ်လိုက်လေတော့သည်။

နံနက် အိပ်ရာ နိုးလျှင်နိုးခြင်း သိလိုစိတ်ပြင်းပြကာ အပြေးအလွှားဖြင့် ကင်မရာကို အူယားဖားယား ဖွင့်ကြည့်လိုက်သည့် သကာလ.. ကျွန်ုပ်မှာ “ဟိုက်” ကနဲ အော်ရင်း မျက်လုံးကြီး ပြူးကာ ပြူးကာနှင့် ရင်သပ်ရှုမော နေမိလေတော့သည်။

ကျွန်ုပ်ကိုယ်တိုင် လွန်စွာ အံ့သြရသော ကျွန်ုပ်၏ အိပ်စက်ပုံမှာ ထူးဆန်းထွေလာ အံ့ဘွယ်ဘနန်းပင်။ တရုတ်သိုင်းကားတွင်းမှ သိုင်းသမားတစ်ယောက် သိုင်းကျင့်နေသကဲ့သို့ ခြေနှစ်ဖက်အား ကားလိုက်၊ ကွေးလိုက်၊ ကန်လိုက်၊ ကျောက်လိုက် နှင့်။ လက်နှစ်ဖက်အားလည်း လိမ်လိုက်၊ ကွေးလိုက်၊ ဆန့်လိုက်၊ ထိုးလိုက်၊ ခုတ်လိုက်၊ ကုတ်လိုက် နှင့်။ မျက်နှာသည်လည်း ငိုလိုက်၊ ရယ်လိုက် နှင့်။ ပါးစပ်သည်လည်း အော်လိုက်၊ ဟစ်လိုက်၊ ငြီးလိုက်၊ ယောင်လိုက် နှင့်။ တဗြင်းဗြင်း ခေါင်းကုတ်သံ၊ တဗွမ်းဗွမ်း လေပေါက်ကွဲသံ များပင် ပါသေးသည်။

သိုင်းကစားဟန် အိပ်စက်အပြီး အလွန်ငြိမ်သက်စွာ အိပ်မောကျသွားလေတော့သည်။ ထိုသို့ ငြိမ်သက်စွာ အိပ်စက်နေပုံကြောင့် ကျွန်ုပ်မှာ ရယ်ရမလို၊ ငိုရမလိုနှင့်။ ထိုပုံထိုဟန် အိပ်တတ်သောကြောင့် ကျွန်ုပ်ကိုယ် ကျွန်ုပ်လည်း လွန်စွာစိတ်ပျက်လျက် ရှက်နေမိသည်။ အိပ်စက်နေပုံမှာ အခါလည် ကလေးငယ်များကဲ့သို့ ချစ်စရာတော့ ကောင်း၍နေသေးသည်။ ကျွန်ုပ်၏ အိပ်စက်ပုံအား အဖြစ်မှန်အတိုင်း သရုပ်ဖော်ပြရမည်ကို လွန်စွာ ရှက်မိသောကြောင့် အောက်တွင်သာ ရှုစားကြပါကုန်။

ကျွန်ုပ်၏
ချစ်စရာကောင်းသော
အိပ်စက်ပုံအား
ကြည့်ရန်အတွက်
ဘေးတွင်ရှိသော
Scroll Bar အား
ဖဲပွတ်သကဲ့သို့
ရင်တထိတ်ထိတ်နှင့်
အောက်ဘက်သို့
ခပ်ဖြည်းဖြည်း
ဆွဲချ၍
စိတ်ဝင်တစား
ကြည့်ရှုပါရန်
.
.
.
.
.
..
.
.
.
.
.
.
.
.
.
စိတ်ရှည်ပါကွယ်
.
.
..
.
.
.
.
.
..
.
.
.
.
ရောက်တော့မယ်
.
.
.
.
.
.
.
.
ရှက်တော့ ရှက်မိသား
.
.
.
.
.
.
.
.
.
.
.
v
v
v
v
v
.
diam
ရှူးတိုးတိုး..!!
အိပ်နေသည်။
.
.
.

ပြုံး၍ဖတ်ပြီးပါက အတည်ပေါက်နှင့် ဆက်ဖတ်ပါရန်။ (ဤကားစကားချပ်)

ကျွန်ုပ်၏ အိပ်စက်ခြင်းနှင့် အိပ်ဟန်၊ အခြားသူများ၏ အိပ်ဟန် အသွယ်သွယ်တို့အား မြင်ယောင်ပြီး တွေးမိသည်မှာ.. အိပ်စက်ခြင်းသည် ငြိမ်သက်စွာ သေဆုံးရန် လေ့ကျင့်နေခြင်း ဖြစ်နိုင်သည်။ ထို့အတူ တစ်ရက်တခါ အိပ်စက်ခြင်းသည် သတိလက်လွတ် သေဆုံးခြင်း ဖြစ်နိုင်သည်။ ထိုအတူ စိတ်သည် မအိပ်ပဲ ခန္ဓာသာ အိပ်စက်နေခြင်း ဖြစ်နိုင်သည်။ ထို့အတူ စိတ်သည်သာ အိပ်စက်နေ၍ ခန္ဓာသည် ဟိုလည့် သည်လည့် လုပ်နေနိုင်သည်။ ထိုသို့ပင် စိတ်နှင့်ခန္ဓာ အတူတကွ နိုးထနေကြသည်လည်း ဖြစ်နိုင်သည်။ သို့ဆိုလျှင် မည်သူ အိပ်နေသနည်း။ ထိုအိပ်စက်ခြင်းသည် စစ်မှန်သော အိပ်စက်ခြင်း ဟုတ်ပါရဲ့လား။

ကျွန်ုပ်တို့အားလုံးသည် ထိုနေ့ရောက်လျှင် စိတ်နှင့်ခန္ဓာ ငြိမ်သက်တိတ်ဆိတ်စွာ အိပ်ကြရလိမ့်မည်။ ငြိမ်းချမ်းစွာ အိပ်စက်တတ်ရန်အတွက် နေ့စဉ်နေ့တိုင်း အိပ်စက်ခြင်းတွင် လောဘ၊ ဒေါသ၊ မောဟများ ကင်း၍ ဖြူစင်လှပစွာ အိပ်စက်တတ်ရန် ပြင်ဆင်ဖို့ လိုအပ်နေသည်။

အတ္တကင်းရှင်း ဖြူစင်ခြင်းဖြင့် အသက်ရှင် နေထိုင်ခြင်းသည် ထိုနေ့ရောက်လျှင် ငြိမ်းချမ်းကြလိမ့်မည်။
စစ်မှန်သော ငြိမ်သက်ခြင်းသည်လည်း ထိုနေ့တွင်သာ ရှိသည်။
ထိုနေ့သို့ မကြာမီသွားကြရတော့မည်။
ထိုနေ့ရောက်လျှင် ငြိမ်းချမ်းစွာ အိပ်စက်နိုင်ရန် ယနေ့ပင် သန့်ရှင်းဖြူစင်ရပေတော့မည်။

(ကိုရင်နော်)

Thursday, September 3, 2009

သူမနှင့်ခြင်းတောင်းလေး

သူမ ထင်မှတ်မထားသည့် အချိန်တွင် ခရီးတစ်ခုကို ရုတ်တရက် ထွက်ရတော့မည်။ ရက် အကန့်အသတ်မဲ့ ထိုခရီးအတွက် ကြိုတင်ပြင်ဆင်ချိန် သူမ မရရှိခဲ့။ သွားမည့်ဆဲဆဲတွင် ခြင်းတောင်းလေး တစ်လုံးကို အတွေးတွေနှင့် သူမ ဖန်ဆင်းလိုက်သည်။ ထိုခြင်းတောင်းလေးထဲသို့ လိုအပ်သည့် အရာများကို စိတ်တွေနှင့်ပင် စုစည်း ထည့်ကြည့်လိုက်သည်။ စက္ကန့်ပိုင်းလေး အတွင်းမှာပင် သူမ၏ ခြင်းတောင်းလေးမှာ ပြည့်လျှံသွားခဲ့လေသည်။

သူမ၏ ခြင်းတောင်းလေးထဲတွင်......
  • - တရားစာအုပ် တချို့..
  • - ကာရန်မဲ့ ကဗျာ တချို့နှင့် နဘေထပ် ကဗျာ တချို့..
  • - တိုးသဲ့သဲ့ ဂစ်တာသံလေး..
  • - ရယ်မောသံ လွင်လွင်လေး..
  • - စိုးရိမ်ပူပန်တတ်သော အကြည့်တွေ..
  • - ပေပေတေတေ မနေဖို့ နားချသံတွေ..
  • - အမြတ်တနိုး ဝတ်တတ်သော လက်ကောက် ပျော့လေး တစ်ကွင်း..
  • - လက်ကိုင်ပုဝါလေး တစ်ထည်..
  • - ဦးထုပ်လေး တစ်လုံး..
  • - သီချင်းသံ ချိုချိုလေး..
  • - ငါးကြော်သေးသေးလေးတွေ ထည့်ထားသော ပန်းကန် တစ်ချပ်..
  • - စက်ဘီးလေး တစ်စင်း..
  • - စန္ဒယားသံ တချို့..
  • - မိုးဖွဲလေးတွေ ရွာနေသော ခပ်မှောင်မှောင် လမ်းကလေး..
  • - Cranberries သီချင်းလေး တစ်ပုဒ်..
  • - အငွေ့တထောင်းထောင်းထနေသော ကော်ဖီပူလေး တစ်ခွက်..
  • - သွားတိုက်ဆေး အသင့်တင်ထားသော ပန်းနုရောင် သွားပွတ်တံလေး.
  • - ချစ်ခြင်းနှင့် ဒေါသတရားတို့ လွန်ဆွဲနေသော လွန်ဆွဲပွဲ တစ်ပွဲ..
  • - လရောင်ဆမ်းသည့် ဝရန်တာလေး..
  • - ငိုက်မြည်းနေသော တက္ကစီ တစ်စီး..
  • - တင်းနေအောင်စေ့ကာ ဖိ၍ပြုံးတတ်သော နှုတ်ခမ်း နှစ်လွှာ..
  • - ချစ်ဖို့ကောင်းသည့် အိပ်ခန်း လှလှလေး..
  • - သူမကိုယ်တိုင်၏ မျက်စောင်းလေး..
  • - လှေကားထစ်လေး တချို့..
  • - တည့်တိုး ပြောတတ်သော သူမ၏ စကားတချို့..
  • - ခပ်ဖွဖွ အနမ်းလေး တစ်စ..
  • - မာထန်ထန် ဦးခေါင်း တစ်လုံး..
  • - ပန်းရင့်ရောင် အကွက်လေးတွေနှင့် ဖိနပ်တစ်ရံ..
  • - ဆုတောင်းသံ တပိုင်းတစ
  • - အနှစ်နှစ် အလလ က သန္ဓေတည်ခဲ့သော ယုံကြည်ချက် တစ်ခု..

ပြည့်လျှံနေသော ခြင်းတောင်းလေးကို စိတ်တွေနှင့်ပင် သူမ မ၍ ယူကြည့်လိုက်သည်။ ခြင်းတောင်း အကွပ်ကြားလေးထဲတွင် လှုပ်လီလှုပ်လဲ့ တွဲခိုနေသော မျက်ရည်လေး တစ်စက် က သူမကို ခပ်ကြောင်ကြောင်နှင့် လှမ်းကြည့်နေ၏။ ထို့နောက်... ဇကာပေါက်လေး တစ်ခုကြားမှ ပြုတ်ကျလုဆဲဆဲ အားငယ်စိတ်လေး တစ်ခု..!! အို... သွားစမ်းပါ..!!!

ထိုအရာ နှစ်ခုကို သူမ မထည့်ခဲ့သည်မှာ သေချာလွန်းနေသည်ပဲ။ မုန်းတီးစွာပင် သူမခေါင်းကို ရမ်းခါမိသည်။ နှုတ်ခမ်းတွေကို ခပ်တင်းတင်းစေ့ကာ ထိုခြင်းတောင်းလေး လှုပ်ခါသွားအောင် စိတ်တွေနှင့်ပင် ခပ်ကြမ်းကြမ်း ဆောင့်ဆွဲယူလိုက်သည်။ “အရူးမ” ဟု ချစ်စနိုးစနောက်တတ်သော အသံလေးတစ်ခု ခြင်းထဲမှ ခုန်ပေါက်ထွက်လာချိန်တွင် သူမ လှစ်ကနဲ ပြုံးမိသွားသည်ထင်၏။ မျက်ရည်လေးတစ်စက်နှင့် အားငယ်စိတ်လေးတစ်ခုသည် ခပ်ဆတ်ဆတ် ဆွဲယူလိုက်သောကြောင့် မှီတွယ်နေရာမှ ပြုတ်ကျ ကျန်ရစ်ခဲ့ပြီဟု သူမ ယုံကြည်ထားလိုက်သည်။

သူမသည် သူမ ဖန်ဆင်းထားသော ခြင်းတောင်းလေးကို စိတ်ကူးဖြင့် တယုတယ ဆုပ်ကိုင်ရင်း ဆန္ဒမရှိသော ထိုခရီးအတွက် ပထမဦးဆုံးသော ခြေတစ်လှမ်းကို ခေါင်းမော့၍ စလှမ်းလိုက်လေသည်။

(ခင်လေးငယ်)

Tuesday, September 1, 2009

ဝဋ်ဝဲဝေဝေ


ဝဝဝါး ဝဝဝါး

ဝမ်းဝဝဝါး ဝဝဝါး
ဝါးဝါး ဝဝ ဝမ်းဝဝ
ဝိုင်းဝိုင်းဝန်းဝန်း ဝ..။

ဝဝဝိုက် ဝဝဝိုက်
ဝမ်းဝဝဝိုက် ဝဝဝိုက်
ဝဝဝိုက်ဝိုက် ဝိုင်းဝန်းဝိုက်
ဝေ့ဝိုက် ဝဝ ဝိုက်..။

ဝဝဝတ် ဝဝဝတ်
ဝါဝါဝင်းဝင်း ဝဝဝတ်
ဝတ်ဝ ဝတ်ဝ ဝတ်ဝဝ
ဝန်းဝိုင်းဝတ် ဝဝ..။

ဝေ့ဝေ့ဝဲ ဝေ့ဝေ့ဝဲ
ဝဋ်ဝေဝေဝဲ ဝေ့ဝေ့ဝဲ
ဝေ့ဝေ့ဝဲဝဲ ဝဋ်ဝှေ့ဝဲ
ဝူးဝူး ဝါးဝါး ဝဲ..။

(ကိုရင်နော်)

တစ်လုံးကဗျာ မရေးဖြစ်ကြာပြီမို့ ဝလုံးတစ်ရာ ပြည့်အောင်ရေးလိုက်တယ် ဖတ်သောသူ ပြုံးတော်မူလည့်..
sengihnampakgigi

Sunday, August 23, 2009

ဂစ်တာလွယ်အိတ်

ကျနော်ဟာ ဂစ်တာလေး တစ်လက်အဖြစ် သခင့် ရင်ခွင်မှာ နွေးထွေးမှုတွေနဲ့ စည်းချက်ညီလို့..။ ကျနော့် ကိုယ်ပေါ်မှာ ပြေးလွှားဆော့ကစားနေတဲ့ သခင့်လက် ဖြူသွယ်သွယ်တွေက အနုပညာမြောက်နေသလို ကျနော်ကလည်း ကာရန်တွေ ညှိရင်း ကဗျာ ဆန်တော့မလို့..။ သခင်က ကျနော့် လက်ဖျားတွေကို ညင်သာစွာ လည့်ရင်း သံစဉ်တွေ ချိန်ညှိတော့ ကျနော်က သခင့်စိတ်တိုင်းကျ ကြိုးƞ